Home

Friday, November 26, 2010

"မဟာဗုဒ္ဓ၀င် ( သို့ ) ဗုဒ္ဓဖြစ်စဉ်တော် အကျဉ်း"


( မြတ်စွာဘုရား၏ နေ့ထူးနေ့မြတ် ခုနစ်နေ့ )

သန့်-ဖွား-တော-ပွင့်-စက်-စု-သင့်-ရှင်ပင့် နေမြတ်ထူး။

၁။ ပဋိသန္ဓေ ယူတော်မူသောနေ့-
မဟာသက္ကရာဇ် ၆၇-ခုနှစ် ၀ါဆိုလပြည့် ကြာသပတေးနေ့ ဖြစ်ပါသည်။

၂။ ဖွားမြင်တော်မူသောနေ့-
မဟာသက္ကရာဇ် ၆၈-ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ဖြစ်ပါသည်။

၃။ တောထွက်တော်မူသောနေ့-
မဟာသက္ကရာဇ် ၉၇-ခုနှစ် ၀ါဆိုလပြည့် တနင်္လာနေ့ ဖြစ်ပါသည်။

၎။ ဘုရားဖြစ်တော်မူသောနေ့-
မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူနေ့ ဖြစ်ပါသည်။

၅။ ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့-
မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့် စနေနေ့ ဖြစ်ပါသည်။

၆။ ပရိနိဗ္ဗာန် စံတော်မူသောနေ့-
မဟာသက္ကရာဇ် ၁၄၈-ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့ ဖြစ်ပါသည်။

၇။ တေဇောဓာတ် လောင်တော်မူသောနေ့-
မဟာသက္ကရာဇ် ၁၄၈-ခုနှစ် ကဆုန်လဆုတ် ၁၂-ရက် တနင်္ဂနွေနေ့ ဖြစ်ပါသည်။
( မဟာဗုဒ္ဓ၀င်- ပဉ္စမတွဲ ၅၅၀ )

၁။ ပဋိသန္ဓေ ယူခန်း-
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြ၀ဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကိုး။

၂။ ဖွားတော်မူခန်း-
သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကိုး။

၃။ တောထွက်တော်မူခန်း-
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊  ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရိပ်လှုံသည်၊ စုံမြိုင်ပင်ရိပ် ခမ်းမှာကိုး။

၎။ ဘုရားဖြစ်တော်မူခန်း-
တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ကျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ဆင်မင်းနေ့ဝယ်,၊မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်, ရန်သူခပင်း, အမိုက်သင်းကို, အလျှင်းပယ်ဖျော်၊အလင်းပေါက်က၊ ထွန်းတော်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊သုံးဖော်လူတို့ ငြိမ်းဖွယ်ကိုး။

၅။ ဓမ္မစကြာ တရားဦးဟောခန်း-
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ,၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကိုး။

၆။ ပရိနိဗ္ဗာန် စံတော်မူခန်း-
တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကုတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါ-လေးဆယ့်ငါး၊ သက်ကား ရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၀ှန်းဆူသောင်းလုံး ကျော်တယ်ကို။

၇။ တေဇောဓာတ် လောင်တော်မူခန်း-
နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို, ထိုရော်ကဆုန်, လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။
**********( လယ်တီ ဆရာတော်ဘုရားကြီး )**********

( ကိုးကားချက် ) 
ဥယျာဉ်မှုးလေး

ဗုဒ္ဓ၀င်အကျဉ်း .. ( ၉ )

“သူအိုကို တွေ့ပြီ”


                   သိဒ္ဓတ္ထမင်းသားလေးရဲ့ နန်းတော်ကနေ ထွက်ခွာမယ့် အတွေးမျိုး ဘယ်တော့မှ တွေးတောလို့မရနိုင်အောင် ရည်ရွယ်ပြီး ဘုရင်သုဒ္ဓေါဓနဟာ မင်းသားလေးရဲ့ မျက်မှောက်မှာ တစ်စုံတစ်ယောက်မျှ စိတ်ညစ်နေမယ့် အမှုအရာမျိုး၊ မပျော်မရွှင်ဖြစ်နေတဲ့အမှုအရာမျိုးကို ဖြစ်စေမယ့် အိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်းတရားများကို မပြောဆိုဖို့၊ မပြမိဖို့ အမိန့်တော် ချမှတ်ထားပါတယ်။ 
                  ဆန့်ကျင်ဘက်အားဖြင့်တော့ မင်းသားလေးအတွက် သာယာငြိမ့်ညောင်း နှစ်လိုဖွယ် ကောင်းတဲ့ သီချင်းသံ၊ ဂီတသံ၊ ရှုချင်ဖွယ်ကောင်းတဲ့ လှပတဲ့ ကပြဟန် ဖျော်ဖြေဟန်များကို တတ်ကျွမ်းလှတဲ့ ကချေသည် မိန်းမပျိုလေးများကို အမြဲမပြတ် ထားရှိစေပြီး မင်းသားလေး ပျော်ရွှင်အောင် ဖျော်ဖြေခိုင်းစေထားတာပါ။
                     နောက်ပြီး မင်းသားလေးနေထိုင်တဲ့ နန်းတော်နဲ့ ပန်းဥယျာဉ်ကြီးများရဲ့ ပတ်ပတ်လည်မှာ မြင့်မားတဲ့ နံရံတံတိုင်းကြီးတစ်ခုကိုလည်း ဆောက်လုပ်ထားပါတယ်။ 
နုပျိုငယ်ရွယ်ပြီး လှပချောမောတဲ့ မိန်းမငယ်လေးများကိုသာ မင်းသားလေးရဲ့ နန်းတော်ဆောင်ထဲ ဥယျာဉ်တော်ထဲကို ၀င်ခွင့်ပြုထားပါတယ်။ 
မတော်တဆ နန်းတော်ထဲမှာ တစ်စုံတစ်ယောက် ထိခိုက်လို့ပဲဖြစ်ဖြစ်၊ ချော်လဲလို့ပဲဖြစ်ဖြစ် အနာတရ ရရှိကာ ကျိုးပဲ့မယ်၊ ဖျားနားခဲ့မယ်ဆိုရင် အဲဒီသူကို နန်းတော်ကနေ တစ်ခါတည်း အပြင်ထုတ်ကာ ကုသစေပါတယ်။ ထိခိုက် ဖျားနာတာ မပျောက်သေးသမျှကာလပတ်လုံး ပြန်လာခွင့် မပြုပါဘူး။
ပျောက်ကင်းမှသာ လာခွင့်ပြုတာပါ။ တစ်ခြားအကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် သိဒ္ဓတ္ထမင်းသားလေး နန်းတော်ကနေ ထွက်ခွာတော့မယ်ဆိုရင် ထွက်ခွာလို့မရအောင် နန်းတော်ကြီးနဲ့ ဥယျာဉ်တော်ကြီးအ၀မှာ တံခါးစောင့်တွေကို အမြဲမပြတ် ထားရှိကာ စောင့်စေထားပါတယ်။ 
ဘုရင်ကိုယ်တိုင်က ခွင့်ပြုချက်ရမှာ အပြင်ထွက်ခွင့်ရပါတယ်။
               ခမည်းတော် သုဒ္ဓေါဓနက သားတော် သိဒ္ဓတ္ထမင်းသားလေးကို ဘ၀တစ်လျောက်မှာ ဆင်းရဲဒုက္ခတွေ၊ မပျော်ရွှင်မှု့တွေစတဲ့ စိတ်မချမ်းသာစေတဲ့အရားများကို မခံစားရလေအောင် နုပျိုလှပတဲ့ မိန်းမပျိုလေးတွေ ကချေသည်လေးတွေနဲ့ ထည်ဝါလှတဲ့ နန်းတော်ကြီးသုံးဆောင် ဥယျာဉ်တော်ကြီးများကို ဖန်တီးကာ ဖြည့်ဆည်းပေးထားပေမယ်လို့ သိဒ္ဓတ္ထမင်းသားလေးဟာ ခမည်းတော် မျှော်လင့်ထားသလို သူဟာတကယ့် ပျော်ရွှင်မှု့ကို မရရှိပါဘူး။ 
               သိဒ္ဓတ္ထမင်းသားလေးဟာ နန်းတော်ရဲ့ အပြင်မှာတည်ရှိတဲ့ ပျော်ရွှင်ဖွယ်ရာ ရှု့ခင်းများကိုလည်း မြင်တွေ့ချင်နေတဲ့ ဆန္ဒပြင်းပြနေပါတယ်။ နောက်ပြီး တိုင်းသူပြည်သားများရဲ့ ဘ၀နေထိုင်မှု့စသည်များနဲ့ ဘုရင်၊ ဘုရင့်သားတော်၊ မင်းကြီးများ အမတ်ကြီးများရဲ့ ဘ၀နေထိုင်နည်းများ ဘယ်လိုကွာခြားပြီး ဘယ်လိုလုပ်ကိုင် စားသောက်ကာ ရပ်တည်နေကြရသလဲဆိုတာကိုလည်း သိချင်နေပါတယ်။ 
               ဒါကြောင့် သိဒ္ဓတ္ထမင်းသားလေးဟာ ခမည်းတော် သုဒ္ဓေါဓနကို အပြင်မှာ သွားရောက် ကြည့်ရှု့ရန်အတွက် ခွင့်ပြုချက်ကို အကြိမ်ကြိမ် တောင်းဆိုပါတယ်။ 
တောင်းဆို ခွင့်ပြုချက်ကိုမှ မရရင် သူဟာ ဘယ်လိုပဲ ခမည်းတော်က ပျော်ရွှင်အောင် ထားထား ပျော်ရွှင်မှု့ကို ရရှိမှာ မဟုတ်ပါဘူးလို့လည်း ပြောပြပါတယ်။ 
သိဒ္ဓတ္ထမင်းသားလေးရဲ့ နန်းတော်အပြင်ထွက်ကာ တိုင်းခန်းလှည့်လှည်ကြည့်ရှု့ချင်တဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကို ဘယ်လိုမှ ငြင်းပယ် တားမြစ်လို့ မရတဲ့အဆုံးမှာ ဘုရင်သုဒ္ဓေါဓန နောက်ဆုံးတော့ သဘောတူလိုက်ရပါတယ်။
              “ကောင်းပြီ၊ သားတော်၊ သားတော် ကြည့်ရှု့ချင်တယ်ဆိုရင် သွားရောက်ကြည့်ခွင့်ပြုပါတယ်၊ ဒါပေမယ့် သားတော်သွားရောက်လှည့်လှည်တဲ့အခါမှာ အဆင်သင့်ဖြစ်ဖို့၊ သက်သောက်သက်သာ ဖြစ်ဖို့အတွက် ပထမဆုံး ခမည်းတော် စီစဉ်စရာရှိတာ စီစဉ်လိုက်ဦးမယ်”လို့ပြောပါတယ်။ 
              ဘုရင်သုဒ္ဓေါဓနက သိဒ္ဓတ္ထမင်းသားလေး လှည့်လှည်မယ့်နေ့မှာ တိုင်းပြည်မှာရှိတဲ့ အိမ်များနဲ့ နေရာစသည်များကို သန့်ရှင်းနေအောင် ရှင်းခိုင်းထားစေပါတယ်။ ဆေးချယ်သင့်တဲ့နေရာများကို လှပအောင် မွမ်းမံပြုပြင်ပါတယ်။ 
               အဲဒီနေ့မှာ တိုင်းသူပြည်သားများအနေနဲ့ အလုပ်တစ်ယောက်မှ မလုပ်ရလို့ သတ်မှတ်ကာ အမိန့်တော်ချမှတ်ထားပါတယ်။ သိဒ္ဓတ္ထမင်းသားလေး လှည့်လှည်မယ့် လမ်းတစ်လျှောက်မှာ မျက်စိကွယ်တဲ့သူတွေ၊ ဖျားနာနေတဲ့သူတွေ၊ အိုမင်းနေတဲ့သူများကို ထွက်မလာဘဲ မိမိတို့ရဲ့ အိမ်မှာပဲ မင်းသားလေး တိုင်းခန်းလှည့်လှည် မပြီးမချင်း နေခိုင်းထားစေပါတယ်။
                  အရာရာ အဆင်သင့်ဖြစ်ဖို့ စီစဉ်ပြီးတဲ့နောက်မှာ “သားတော် လှည့်လှည်ကြည့်ရှု့ချင်သပဆိုရင် သွားရောက်ကြည့်နိုင်ပါပြီ။ သားတော် စိတ်ကျေနပ်တဲ့အထိ ရှု့စားခဲ့ပါ”လို့ ပြောဆိုမှာကြားလိုက်ပါတယ်။
အရာအားလုံးဟာ ခမ်းနားလှပစွာနဲ့ အဆင်သင့်ဖြစ်နေပါပြီ။ 
                 အဲဒီအချိန်မှာ ခမ်းနားထယ်ဝါပြီး အလွန်လှပတဲ့ မြင်းယဉ်တော်ကြီးကို စီးပြီး နန်းတော်ထဲကနေ ထွက်ခွာပြီး တိုင်းပြည်ကို ကြည့်ရှု့ဖို့အတွက် သိဒ္ဓတ္ထမင်းသားလေး ထွက်လာပါတယ်။ နေရာတိုင်းမှာ ရွှင်လန်းတက်ကြွစွာ အပြုံးမျက်နှာကိုယ်စီနဲ့ သိဒ္ဓတ္ထမင်းသားလေးကို ကြိုဆိုနေကြတဲ့ လူအများကို သူတွေ့မြင်ခွင့် ရလိုက်ပါတယ်။  
သိဒ္ဓတ္ထမင်းသားလေးကို မြင်တွေ့လိုက်စဉ်မှာပဲ “မင်းသားလေး သက်တော်ရာကျော် ရှည်ပါစေ၊ မင်းသားလေး သက်တော်ရာကျော် ရှည်ပါစေ” ဆိုတဲ့ ဆုတောင်းမှု့ပြု ကောင်းချီးပေးသံတွေလည်း သူကြားလိုက်ရတယ်။ လူအများဟာ မင်းသားလေးရဲ့ မြင်းယဉ်တော်ကြီးနား ကပ်ရောက်လာပြီး မင်းသားလေး သွားမယ့် လမ်းတစ်လျှောက်မှာ မွှေးပျံ့တဲ့ ပန်းမျိုးစုံများနဲ့ ကျဲဖြန့်ကာ ဂုဏ်ပြုကြပါတယ်။ မင်းသာလေး သွားမယ့် လမ်းတစ်လျှောက်ဟာ ပန်းခင်းလေး တစ်ခုအဖြစ် ဖြစ်တည်သွားခဲ့ပါတယ်။
                          အဲဒီအချိန်မှာပဲ တစ်ခေါင်းလုံးဖြူနေပြီး အ၀တ်အစား စုတ်စုတ်ပြတ်ပြတ် နွမ်းနွမ်း ညစ်ညစ်ပတ်တစ်ခုကို ၀တ်ဆင်ထားတဲ့ အဖိုးအိုတစ်ယောက်ဟော ဘယ်သူမှ သတိမထား မတားမြစ်တဲ့အချိန်မှာ ထော့နဲ့ထော့နဲ့နဲ့ မင်းသားလေးရဲ့ လမ်းမပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ မျက်တွင်းက ခွက်ခွက်၊ ပါးရေ နားရေများက တွန့်လိမ်ပြီး မျက်နှာမှာလည်း တင်းတိပ်စသည်နဲ့ ပြည့်နှက်နေပါတယ်။ မျက်စိကလည်း မှုန်မှုန်ဝါးဝါးနဲ ဘယ်လိုမှ ရှုချင်စဖွယ်မကောင်း၊ ပါးစပ်ကလည်း အသွေးအသားမရှိ ခြောက်ခြောက် ကပ်ကပ် ပြီးတော့ သွားကလည်း တစ်ချောင်းတည်းသာ ရှိတော့တဲ့ သူအိုတစ်ယောက်ပါ။ သူ့ရဲ့ ခါးကလည်း မျက်နှာနဲ့ ဒူးထိလိုနီးပါးအောင်ကို ကုန်းကွနေပြီး သူ့အတွက် ရပ်တည်ဖို့ရာ တုတ်တစ်ချောင်းကို အသုံးပြုထားပါတယ်။ ပရိသတ်များရဲ့ ရှေမှောက်မှာ စားစရာ တစ်စုံ တစ်ခုများ ရရှိနိုင်ပါ့မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လိုက်လံ တောင်းရမ်းနေပါတယ်။ သှုအဖြစ်က အခုအချိန်မှာသာ စားစရာ တစ်ခုခုမရရှိရင် သေလုနီးပါးဖြစ်လောက်အောင်ကို စာဆောင်မွတ်သိပ်နေတဲ့ အမှုအရာပါပဲ။
                            ဒီအဖိုးအိုကို တွေ့လိုက်ရတဲ့ အခါမှာ ပရိသတ်များဟာ သိပ်ကို စိုးရိမ်သွားကာ စိတ်မကောင်းဖြစ်သွားကြပါတယ်။ ဘာလို့လည်းဆိုတော့ ဘုရင်ကိုယ်တိုင်က အမိန့်ထုတ်ထားတာကို ဒီလိုဖြစ်လာရင် အပြစ်ပေးခံရမယ်ဆိုးတာရယ်၊ မင်းသားလေးကိုလည်း တောမထွက်ဘဲ စကြာဝတေးမင်းဖြစ်စေချင်တဲ့ သူတို့ဆန္ဒပြည့်ဖို့ကလည်း ဒီလို သူအို သူနာ သူသေတို့ကို မမြင်တွေ့လေအောင် ကာကွယ်ထားဖို့က တစ်ခုပါပါတယ်။
                  ဒါကြောင့်သူတို့ဟာ ဒီအဖိုးအိုကြီးကို မောင်းထုတ်ကြပါတယ်။ ဆွဲခေါ်သွားကြပြီး အိမ်ထဲကို တွန်းပို့ကြပါတယ်။ ဒါပေမယ့်လို့ သူတို့ ကာကွယ်တာဟာ သိပ်ကို နောက်ကျသွားပါပါပြီ။ ဘာကြောင့်လည်းဆိုတော့ ထိုအဖိုးအိုကြီးကို မင်းသားလေး သိဒ္ဓတ္ထမြင်တွေ့သွားပြီး ဖြစ်လို့ပါ။
                  သိဒ္ဓတ္ထမင်းသားလေး အဖိုးအိုကြီးကို မြင်တွေ့လိုက်စဉ်မှာပဲ သိပ်ကို အံ့အားသင့်သွားပါတယ်။ သူအတွေးထဲမှာ ဒီအဖိုးအိုဟာ ဘယ်လို လှုမျိုး၊ ဘယ်လို သတ္တ၀ါမျိုးမှန်းကို မသိအောင်ဖြစ်သွားပါတယ်။ ဒါဟာ သှု့ဘ၀အတွက် ပထမဆုံး တွေ့မြင်ခြင်းဖြစ်လို့ပါပဲ။ 
                 ဒါကြောင့် သူဟာ ဆန္နအမတ် သူ့ရဲ့ မြင်းလှည်းမောင်းသူကို မေးပါတယ်။ “ဆန္န ဒါက ဘာလဲ၊ ဒါဟာ လှုတစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူက လှုလား။ တကယ်လို့ သူဟာ လူတစ်ယောက်ဆိုရင် ဘာကြောင့် သူများနဲ့မတူဘဲ ရုပ်တွေ မလှမပဖြစ်နေတာလဲ၊ ခါးတွေ သိပ်ပြီးကုန်းကွနေတာလဲ၊ သူဟာ ဘာကြောင့် တုန်တုန်ရီရီ ဖြစ်နေတာလဲ၊ နောက်ပြီး သူ့ရဲ့ ဆံပင်တွေက ဘာကြောင့် ငါ့လို မည်းနက်မနေဘဲ အကုန်လုံး ဖြူနေရတာလဲ၊ သူ့မျက်လုံးတွေက ဘယ်လိုဖြစ်နေတာလဲ၊ သူ့သွားတွေကကော ဘယ်ရောက်နေတာလဲ။ အချို့လှုတွေက ဒီလိုပဲ မွေးဖွားလာကြသလား ဆန္န၊ ငါ့ကိုပြောပါ။”လို့ မေးခွန်းပေါင်းများစွာ မေးပါတယ်။
                     ဒီတော့ ဆန္န၊ “အရှင်မင်းသား၊ ဒါကတော့ သူအိုတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ ဒီပုံအတိုင်း စတင်မွေးလာခဲ့တာ မဟုတ်ပါဘူး။ သူဟာ လောကကြီးထဲ စတင်ဝင်ရောက်လာတုန်းက အများနည်းတူလိုပဲ မွေးဖွားခဲ့တာပါ။ ပထမတော့ သူဟာ အလွန် သန်မာပြီး နုပျိုတဲ့ လူတစ်ယောက်ပါ၊ သူဟာ အရင်က မည်းနက်တောက်ပြောင်တဲ့ ဆံပင်များကို ပိုင်ဆိုင်ခဲ့သလို၊ ၀င်းလက်တောက်ပတဲ့ မျက်လုံးများကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ အချိန်များစွာ အသက်ရှင် နေထိုင်လာခဲ့တဲ့ နောက်ပိုင်းမှာတော့ သူဟာ အရာရာ ပြောင်းလဲလာခဲ့ရပါတယ်။ အခုလို အိုမင်းရင့်ရော် လာရပါတယ်။ အိုမင်းရင့်ရော်လာတာကြောင့် အခုလို သူများနဲ့ မတူဖြစ်နေရပါတယ်။ စိတ်ထဲ ထားရှိတော် မမှုပါနဲ့ အရှင်မင်းသား၊ သူနဲ့ပတ်သက်ပြီး အရှင်မင်းသား စိတ်မချမ်းမသာ အဖြစ်မခံပါနဲ့၊ အရှင်မင်းသားနဲ့ မသက်ဆိုင်ပါဘူး။ သူ့ဘ၀နဲ့ သူ ရှိပါစေ အရှင်မင်းသား။” လို့ လျှောက်တင်ပြပါတယ်။
                      ဆန္န၊ သင် ဘာကို ဆိုလိုတာလဲ။ သူဟာ လူသားတစ်ယောက် ဖြစ်တယ်လို့ သင်ပြောလိုက်တာလား။ လူသားတိုင်း နှစ်ပေါင်းကြာရှည်စွာ နေထိုင်ပြီးနောက်မှာ အားလုံးပဲ ဒီလိုဖြစ်လိမ့်မယ်လို့ သင်ပြောလိုတာလား။ ငါ့ဘ၀မှာ ဒီလို တွေ့ကြုံမှု့မျိုး တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ လို့ပြန်ပြောပါတယ်။
                     “အရှင်မင်းသား၊ တစ်စုံတစ်ယောက်ဟာ ကြာရှည်စွာ အသက်ရှင်ပြီးတဲ့ နောက် သူဟာ အခုလိုဖြစ်လာပါလိမ့်မယ်။ ဒီအိုခြင်းတရားကို သူဘယ်လိုမှ ရှောင်လွှဲလို့ မရပါဘူး။”
                    “ဆန္န၊ တစ်နေ့တစ်ချိန်မှာ လူသားအားလုံး အိုမင်းရင့်ရော်လာမှာ သေချာတယ်လို့ သင်ပြောလိုက်တာက သင်ရော ငါရော၊ ငါ၏ ခမည်းတော်၊ ငါ၏ ကြင်ယာတော် ယသော်ဓရာတို့ပါ အိုရမယ်ဆိုတာ သေချာလား။ တစ်နေတစ်ချိန်မှာ ငါတို့ဟာ သွားမရှိတော့မယ့်သူ၊ ဆံပင်များ ဖြူလာမယ့်သူ၊ ခါးးကုန်းကွပြီး တုတ်အကူဖြင့် တုန်တုန်ရီရီနဲ့ သွားနေတဲ့ ဒီအိုမင်းရင့်ရော်နေတဲ့ အဖိုးအိုလို ဖြစ်လာမှာဆိုတာ ဖြစ်နိုင်လို့လား ဆန္န။ ဘယ်သူမှ အိုခြင်းတရားကို ရှောင်လွှဲလို့ မရဘူးဆိုတာ ဟုတ်လား။” ဆိုပြီးမေးမြန်းပါတယ်။
                           ဒီလိုမေးမြန်းပြီးနောက် သိဒ္ဓတ္ထမင်းသားလေးဟာ စိတ်မပျော်မရွှင်ဖြစ်သွားကာ ရှေ့ဆက်ပြီး ကြည့်ရှုချင်တဲ့ စိတ်မရှိတော့တာကြောင့် ဆန္နကို ချက်ချင်းပြန်လှည့်ပြီး နန်းတော်ကို ပို့ဆောင်ဖို့ ပြောလိုက်ပါတယ်။ သူဟာ မမျှော်လင့်ဘဲ တွေ့ကြုံခဲ့ရတဲ့ အိုခြင်းတရားဆိုတဲ့ အရာကို တစ်ယောက်တည်း သေသေချာချာ တွေးတော ဆင်ခြင် စဉ်းစားနိုင်ဖို့အတွက်လည်း ချက်ချင်း နန်းတော်သို့ ပြန်လှည့်ခိုင်းတာပါ။
အိုခြင်းတရားကို ဘယ်သူမှ ရှောင်ရှားလို့ မရဘူးဆိုတာ သိလိုက်တဲ့အတွက်ကြောင့် သူရဲ့ ပျော်ရွှင်ခြင်းတွေ စိတ်ကျေနပ်မှု့တွေဟာ ရေပေါ်အရုပ်ရေးသလိုပဲ ကြာရှည်မခံဘူးဆိုတာကိုလည်း သိဒ္ဓတ္ထမင်းသားလေး တွေးမိလိုက်ပါတယ်။ 
                      တကယ်တော့ ဘုရင်ပဲဖြစ်ဖြစ်၊ ဘုရင်ရဲ့သားတော်ပဲဖြစ်ဖြစ်၊ ချမ်းသာတဲ့သူပဲဖြစ်ဖြစ်၊ ဆင်းရဲတဲ့သူပဲဖြစ်ဖြစ်၊ အာဏာပါဝါရှိတဲ့ သူပဲဖြစ်ဖြစ် ဘယ်သူမှ အိုခြင်းတရားကို ရှောင်လွှဲလို့မရပါဘူး။ မအိုပါနဲ့လိုလည်း မျှော်လင့်ကာ တောင်းဆိုနေလို့လည်း မရဘူးဆိုတာ မင်းသားလေး နားလည်လိုက်ပါတယ်။
အဲဒီနေ့ညမှာ သိဒ္ဓတ္ထမင်းသားလေး အိပ်လို့မပျော်နိုင်ခဲ့ပါဘူး။ 
                        တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူကိုယ်တိုင်ရော၊ သူ့ရဲ ကြင်ယာတော် ယသော်ဓရာရော ခမည်းတော် သုဒ္ဓေါဓနပါ မကျန် အားလုံး အိုရမယ်ဆိုတာကို တွေးမိလိုက်တိုင်း သူ့ မပျော်ရွှင်နိုင်ပါဘူး။ ဒီအိုခြင်းတရားဆိုတဲ့ သဘာဝတရားက သူ့စိတ်ကို နှောင့်ယှက်နေပြီး ရှုပ်ထွေးစေနေလို့ပါ။ နောက်တော့ “ဒီလောကကြီးထဲမှာ ဒီအိုခြင်းတရားက လွတ်မြောက်နိုင်မယ့် လမ်းကို ရှာဖွေတွေ့ရှိတဲ့ သူတစ်ဦးတစ်ယောက်မှ မရှိဘူးလား။  လောကမှာ အကြောင်းတရားက လွတ်ပြီး ဖြစ်တည်တဲ့အရာ မရှိဘူး။ ငါကော ဒီအိုခြင်းတရားကနေ လွတ်မြောက်မယ့် လမ်းကို မရှာဖွေနိုင်ဘူးလား။ ဒီအိုခြင်းတရားဖြစ်ပေါ်လာရခြင်းဟာ အကြောင်းတရားရှိရမယ်၊ ဒီအကြောင်းတရားကို ရှာဖွေပြီး အိုခြင်းတရားမှ လွတ်မြောက်အောင် အားလုံးသော သူများအတွက် ငါရှာဖွေမယ်” လို့ သိဒ္ဓတ္ထမင်းသားလေး သိန္နိဋ္ဌာန် ချလိုက်ပါတယ်။
                          သိဒ္ဓတ္ထမင်းသားလေးရဲ့ တွေးတော လုပ်ဆောင်မှု့တိုင်းဟာ လောကတ္ထစရိယ လောကအတွက်၊  ဥာတတ္ထစရိယ မိမိရဲ့ နိုင်ငံနဲ့ အမျိုးသားများအတွက်၊ ဗုဒ္ဓတ္ထစရိယ မိမိအတွက် သဗ္ဗညူတဥာဏ်ရှင် ဘုရားရှင်ဖြစ်ဖို့ အတွက်ကိုပဲ ပန်းတိုင်ထားတာပါ။ 
ဘုရားဖြစ်ပါမှ လောကတ္ထစရိယအတွက်၊ ဥာတတ္ထစရိယအတွက် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

(ကိုးကားချက်) 
ဥယျာဉ်မှုးလေး

ဗုဒ္ဓ၀င်အကျဉ်း .. ( ၈ )

    

လက်ထပ်မင်္ဂလာ အခမ်းအနား

ဘုရင်သုဒ္ဓေါဓန မင်းကြီးဟာ ခမ်းနားထည်ဝါလှတဲ့ နန်းတော်ကြီးသုံးဆောင် ဆောက်လုပ်ပြီး သိဒ္ဓတ္ထမင်းသားလေးကို နန်းတော်မှ ထွက်ခွာမသွားအောင် ကြိုတင်ကာကွယ် ထားပေမယ်လို့လည်း သူစိတ်မချနိုင်သေးပါဘူး။ နောက်ထပ် ဘယ်အရာနဲ့များ သူ့ရဲ့ တောထွက်ခြင်းမှ ကာကွယ်ထားလို့ ရမလဲဆိုပြီး အမြဲတမ်းပဲတွေးတောနေမိပါတော့တယ်။ သူဘယ်လိုမှ တွေးကြံလို့ မရတော့တဲ့အဆုံး သူ့ရဲ့ ပညာရှိအမတ်ကြီးတွေ မင်းမှု့ထမ်းတွေကို နန်းတော်ထဲကို ခေါ်ဆောင်ပြီး အစည်းအဝေးတစ်ခု ကျင်းပဖို့ ဖိတ်ခေါ်စေလိုက်ပါတယ်။ တိုင်းပြည်နဲ့ နန်းတော်ကနေထွက်ခွာ စကြာဝတေးမင်းအဖြစ်ကို စွန့်လွှတ်ပြီး တောထွက်ကာ ဘုရားအဖြစ်သို့ ရောက်တော်မှုအောင် ကျင့်ကြံအားထုတ်မှာဖြစ်တဲ့ သိဒ္ဓတ္ထမင်းသားလေးရဲ့ စိတ်ဆန္ဒကို ဖြစ်ပေါ်မလာအောင် အကောင်အထည်ဖော်လို့မရအောင် တစ်ခြား ဘယ်နည်းနဲ့များ တားမြစ်ကာ ဟန့်တားထားနိုင်မလဲဆိုတဲ့ အကြံဥာဏ်များကို ပညာရှိအမတ်ကြီးတွေ၊ မင်းမှု့ထမ်းတွေဆီကနေ တောင်းခံဖို့အတွက် အစည်းအဝေးပွဲကို ပညာရှိအမတ်ကြီးတွေကို ဆင့်ခေါ်လိုက်တာပါ။
ဒီတော့ ပညာရှိအမတ်ကြီးက သူတို့ရဲ့ အကြံဥာဏ်များကို အခုလို တစ်ခုတစ်ပေါင်းတည်း လျှောက်ထားကြပါတယ်။ “အရှင်မင်းကြီး၊ သိဒ္ဓမင်းသားလေးကို နန်းတော်ကထွက်ခွာမသွားအောင် ဟန့်တားထားနိုင်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ အရှင်မင်းကြီးရဲ့ တိုင်းပြည်မှာရှိတဲ့ ချောမောလှပဆုံးဖြစ်တဲ့ မင်းသမီးများ၊ ပျိုကညာများကို ဆင့်ခေါ်စေပြီးတော့ မင်းသားလေး သဘောကျနှစ်သက်မယ့် မင်းသမီး၊ ပျိုကညာတစ်ဦးနဲ့သာ ထိမ်းမြားလက်ထပ်ပေးလိုက်ပါ။ သာယာတဲ့ အိမ်ထောင်ရဲ့ ပျော်ရွှင်မှု့ကို သိဒ္ဓမင်းသားလေးသာ ခံစားစံစားနေရရင် သူဟာ တစ်ခြားဘာကိုမှ စဉ်းစားမှာ မဟုတ်ပါဘူး။ နန်းတော်ကထွက်ခွာဖို့ကိုလည်း စဉ်းစားမိတော့မှာ တွေးကြံမိတော့မှာ မဟုတ်ပါဘူး။ ပြီးတော့ အရှင်မင်းကြီးရဲ့ အလိုဆန္ဒအရ တသွေမတိမ်း အရှင်မင်းကြီးရဲ့ အရိုက်အရာကို ခံယူပါလိမ့်မယ်”လို့ လျှောက်တင်ကြပါတယ်။
ဘုရင်သုဒ္ဓေါဓနဟာ အမတ်ကြီးများရဲ့ အကြံပြုချက်ကို သဘောကျပြီး ချက်ချင်း လက်ခံလိုက်ပါတယ်။ ပြီးတော့ သူဟာ နိုင်ငံအတွင်းမှာရှိတဲ့ ချောမောလှပဆုံးဖြစ်တဲ့ မင်းသမီးများ၊ ကညာပျိုများကို ရွေးချယ်ပြီး နန်းတော်ကိုခေါ်ဆောင်ဖို့အတွက် အမိန့်တော် ထုတ်ပြန်လိုက်ပါတယ်။ မင်းသမီးများ၊ ကညာပျိုများကို ရွေးချယ်ဖို့ သတ်မှတ်ထားတဲ့ နေရက်မှာ ပြိုင်ပွဲဝင်မယ့် သူများအားလုံး ကပိလ၀တ္ထုပြည်ကို လာရောက်ဖို့အတွက်လည်း အမိန့်ချမှတ်လိုက်ပါတယ်။ မင်းသမီးများ ကညာပျိုများအနေနဲ့ တစ်ယောက်ချင်း သိဒ္ဓတ္ထမင်းသားလေးရဲ့ ရှေ့တော်မှောက်မှာ လမ်းလျှောက်ပြီး အလှပြပြိုင်ရမှာပါ၊ ပြီးတော့ သိဒ္ဓတ္ထမင်းသားလေး ပေးမယ့် လက်ဆောင်ပဏ္ဍာများကို လက်ခံယူရမှာပါ။ ဘုရင်သုဒ္ဓေါဓနက သူ့ရဲ့ ပညာရှိအမတ်ကြီးများကို သိဒ္ဓတ္ထမင်းသားလေးရဲ့ ရှေ့တော်မှောက်မှာ လမ်းလျှောက်ကာ အလှပြကြမယ့် နေရာဆီသို့ သွားရောက်ပြီး ကြည့်ရှု့ကြဖို့ အမိန့်ချမှတ်ထားတာပါ။ အမတ်ကြီးများအနေနဲ့ လုပ်ဆောင်ရမယ့် တစ်ခုတည်းသော အလုပ်ကတော့ သိဒ္ဓတ္ထမင်းသားလေး သဘောကျအနှစ်သက်ဆုံး အလှပဆုံးမိန်းကလေးဟာ ဘယ်သူဖြစ်တယ်ဆိုတာကို သေချာစောင့်ကြည့်ဖို့ပါပဲ။
အလှပြိုင်ပွဲနေ့မှာ နိုင်ငံတိုင်းက အလှမယ် မင်းသမီးများဟာ သိဒ္ဓတ္ထမင်းသားလေးရဲ့ ရှေတော်မှောက်မှာ လျှောက်ပြကာ သူတို့ရဲ့ အလှအပကို ပြသကြပါတယ်။ အားလုံးကတော့ အလှအပတွေချည်းပါပဲ။ သိဒ္ဓမင်းသားလေးဆီက လက်ဆောင်ကို လက်ခံရရှိတဲ့အတွက်လည်း ဂုဏ်ယူကာ သိပ်ကို ပျော်ရွှင်နေကြပါတယ်။ သူတို့တွေးထင်နေတာကတော့ မင်းသားလေးရဲ့ လက်ဆောင်များကို လက်ခံရယူနေစဉ်မှာ သူတို့ကိုယ်သူတို့ သာမာန်သူများမဟုတ်ဘူး၊ နတ်ပြည်မှာ ရောက်ရှိနေသလို၊ နတ်သားလေးက လက်ဆောင်များကို ပေးအပ်နေသလိုကို ခံစားတွေးထင်ပြီး အကျေနပ်ကြီး ကျေနပ်နေကြတာပါ။ ဒါပေမယ့်လို့ သူတို့ဟာ မင်းသားလေးဆီက လက်ဆောင်ကို ယူပြီး သူတို့ရဲ့ အဖွဲ့နေရာကို ပြန်လှည့်သွားကြရင်း သူတို့ဟာ ပြည့်ဝတံအလှအပကို မပိုင်ဆိုင်ကြဘူးဆိုပြီး တွေးတောကာ မင်းသားလေးရဲ့ ကြင်ယာတော် အဖြစ်မရရှိမှာကို စိုးကြောက်သွားကြပါတယ်။ သူတို့ရဲ့ အလှအပတွေ၊ စိုးရိမ်ပှုပန်မှု့ကို သိဒ္ဓတ္ထမင်းသားလေးက ဂရုတစိုက် အလေးထားပြီး မကြည့်ရှုပါဘူး။ သူဟာ လက်ဆောင်များကို ပေးနေရပေမယ့်လို့လည်း သှု့ရဲ့စိတ်အတွေးတွေကတော့ မင်းသမီးများရဲ့ အလှအပတွေ၊ အပြုံးလှလှတွေနဲ့ လှပတဲ့ အမှုအရာ ရုပ်အသွင်တွေကို မတွေးမိပါဘူး။
အလှပြိုင်ကြတဲ့ ပြိုင်ပွဲဝင် အလှအပ မိန်းမလှလေးများလဲ ကုန်ဆုံးခါနီးလာပါပြီ၊ သူ့ရဲ့ လက်ဆောင်အားလုံးလည်း ပေးအပ်ပြီးဖြစ်တာကြောင့် ကုန်ဆုံးသွားပါတယ်။ ဒါပေမယ့်လို့ သိဒ္ဓမင်းသားလေးကတော့ အေးဆေးငြိမ်သက်စွာပဲ တစ်ခြားအကြောင်းများကို တွေးတောနေဆဲပါပဲ။ အဲဒီအချိန်မှာ ရုတ်တရက် ချောမောလှပတဲ့ မင်းသမီးလေးတစ်ယောက်ဟာ ကပျာကယာလေး ၀င်ရောက်လာပါတယ် အမှန်တော့ သူဟာ နောက်ကျတဲ့အတွက် အပြေးကလေး ၀င်ရောက်လာတာပါ။ ဒီမင်းသမီးလေး အပြေးကလေး ကပျာကယာဝင်ရောက်လာတော့ မင်းသားလေးဟာ သတိထားကြည့်မိပြီး အလွန်အံအားသင့်သွားပါတယ်။ မင်းသမီးလေးဟာ တစ်ခြား သူများလိုပဲ မင်းသားလေးရဲ့ ရှေတော်မှောက်ကို လမ်းလျှောက်ကာ အလှပြပါတယ်။ ဒါပေမယ့် တစ်ခုထှုးခြားတာကတော့ သူဟာ မင်းသားလေးကို ရှက်ပြုံးတဲ့ အမှုအရာလေးများနဲ့ အရိုအသေလေးပဲ လျှောက်ပြခဲ့တာပါ။ မင်းသားလေးရှေ့ကနေ ဖြတ်လျှောက်ပြပြီးတော့ နောက်ကို ပြန်လှည့်ပြီး လှပတဲ့အပြုံးလေးနဲ့အတှု “ကျွန်မအဖို့ လက်ဆောင် တစ်ခုခု ကျန်သေးပါ သလား”လို့ မေးလိုက်ပါတယ်။ ဒီတော့ သိဒ္ဓတ္ထမင်းသားလေးက “အို၊ သိပ်ကို ၀မ်းနည်းပါတယ်၊ လက်ဆောင်အားလုံးဟာ တစ်ခြား သူများကို ပေးလိုက်ရတဲ့အတွက် ကိုယ့်ဆီမှာ တစ်ခုမှ မကျန်တော့ပါဘူး၊ ဒါပေမယ့်လို့ မင်းအတွက် ဒီလက်ဆောင်လေးတစ်ခုတော့ ကျန်ပါသေးတယ်ဆိုပြီး သူ့ရဲ့ လည်ပင်းမှာ ၀တ်ဆင်ထားတဲ့ အဖိုးတန် လည်ဆွဲကြိုးလေးကို ဖြုတ်ပြီး မင်းသမီးလေးရဲ့ လက်ထဲကို ထည့်ပေးလိုက်ပါတယ်။” တစ်ခြား မင်းသမီးများကို သာမာန်လက်ဆောင်များပဲ ပေးအပ်ခဲ့တာပါ၊
ဘုရင်အမိန့်တော်အရ စောင့်ကြည့်နေကြတဲ့ ပညာရှိအမတ်ကြီးများဟာ သိဒ္ဓတ္ထမင်းသားလေးနဲ့ ဒီမင်းသမီးလေးရဲ့ အမှုအရာလေးကို သေချာကြည့်မြင်ပြီး ပျော်ရွှင်သွားကြပါတယ်။ ပြီးတော့ သူတို့ဟာ မင်းသားလေး သဘောကျ နှစ်သက်တဲ့ နောက်ဆုံးမှ ၀င်ရောက်လာတဲ့ မင်းသမီးလေးဟာ ဘုရင်သုပ္ပဗုဒ္ဓရဲ သမီးတော် ယသော်ဓရာဖြစ်တယ်ဆိုတာကို စုံစမ်းပြီး ဘုရင်သုဒ္ဓေါဓနကို လျှောက်တင်ကြပါတယ်။ ဘုရင်သုဒ္ဓေါဓနဟာလည်း သိပ်ကို ပျော်ရွှင်သွားပါတယ်။ သူ့ရဲ့ ဆန္ဒပြည့်ဝဖို့ နီးစပ်လာပြီဆိုတဲ့ အတွေးနဲ့ပါ။ ပြီးတော့ ချက်ချင်းပဲ သူ့ရဲ့ အမတ်ကြီးများကို ဘုရင်သုပ္ပဗုဒ္ဓဆီ သွားရောက်ပြီး မင်းသားလေးသိဒ္ဓတ္ထနဲ့ မင်းသမီး ယသော်ဓရာတို့ကို ထိမ်းမြားလက်ထပ်ပေးဖို့ ကြောင်းလမ်းခိုင်းလိုက်ပါတော့တယ်။
ဟိမ၀န္တာတောင်ခြေမှာ နေထိုင်ကြတဲ့ အားလုံးသော သူများဟာ သိပ်ကို ရဲရင့်ကြပါတယ်။ လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံကြပါတယ်။ သကျသာကီဝင်များရဲ့ ဓလေ့ထုံးစံအရ မင်းသားတစ်ယောက်အနေနဲ့ လက်ထပ်ထိမ်းမြားခြင်းပြုတော့မယ်ဆိုရင် တိုင်းသူပြည်သားများရဲ့ ရှေ့မှောက်မှာ သူဟာ မြင်းစီးအတတ်၊ မြှားပစ်အတတ်၊ ဓားရေးအတတ် စသည်မှာ တစ်ခြားရဲရင့်သူများထက် ပိုပြီးရဲရင့်ကြောင်း တတ်မြောက်ကြောင်း လိမ်မာပြီး အရာရာတတ်ကျွမ်းကျင်ကြောင်းကို လူအများရဲ့ရှေ့မှာ ပြသကြရပါတယ်။ သိဒ္ဓတ္ထမင်းသားလေးဟာ ရိုးရာဓလေ့ကို လိုက်နာပြီးတော့ သတ္တိရှိရှိ ရဲရဲရင့်ရင့် ပွင့်ပွင့်လင်းလင်းပါပဲ နိုင်ငံတိုင်းမှာရှိတဲ့ ငယ်ရွယ်ပြီး ဓားရေး၊ လှံရေး၊ မြင်းစီးအတတ်စသည်မှာ ရဲရင့် လိမ်မာတတ်ကျွမ်းကြတဲ့သူများအလုံးကို ကပိလ၀တ္ထုပြည်မှာ လာရောက်ပြီး ယှဉ်ပြိုင်ပြသဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။
နိုင်ငံတိုင်းမှာရှိတဲ့ လူငယ်များဟာ မြင်းစီးအတတ်၊ ဓားရေးအတတ်၊ လှံရေးအတတ်၊ မြှားရေးအတတ်မှာ ကျွမ်းကျင်တဲ့သူချည်းပါပဲ။ တစ်ယောက်စီအလှည့်ကျ သူတို့ရဲ့ စွမ်းရည်များကို ဘုရင်နဲ့ အမတ်ကြီးများ၊ တိုင်းသူပြည်သားများရဲ့ ရှေ့မှောက်မှာ ပြသကြပါတယ်။  သိဒ္ဓတ္ထမင်းသားလေးလည်း ပြိုင်ပွဲမှာ သူ့ရဲ့ ဖွားဖက်တော် ကဏ္ဍကမြင်းဖြူကြီးကို စီးပြီး ပါဝင်ယှဉ်ပြိုင်ပါတယ်။ သူဟာ အားလုံးသော ပြိုင်ပွဲဝင် လူငယ်များကို ဖြတ်ကျော် အောင်မြင်ခဲ့ပါတယ်။ မြှားပစ်အတတ်မှာ နိုင်ငံတိုင်းက အသာလွန်ဆုံး အတော်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ သူ့ရဲ့ ၀မ်းကွဲညီအစ်ကို ဒေ၀ဒတ္တမင်းသားလေးထက် လျှင်မြန်အောင် ပစ်ခတ်ကာ အနိုင်ရခဲ့ပါတယ်။ ကပိလ၀တ္ထုပြည်မှာ သိဒ္ဓမင်းသားလေးပြီးရင် ဒုတိယအတော်ဆုံး မြှားပစ်သမားကတော့ ဒေ၀ဒတ္တမင်းသားလေးပါ။
ဓားရေးပြိုင်ပွဲမှာလည်း သိဒ္ဓတ္ထမင်းသားလေးက သစ်ပင်တစ်ပင်ကို တစ်ချက်တည်းနဲ့ ပြတ်အောင် ခုတ်ပြနိုင်ခဲ့ပါတယ်။ သူဖြတ်ချလိုက်တဲ့ သစ်ပင်ဟာ တစ်ခါတည်းတော့ မြေကို မကျသွားပါဘူး ဒါဟာလည်း သူဖြစ်တဲ့ သစ်ပင်ဟာ မပြတ်ဘူးလို့ လူများက ထင်အောင် ထူးခြားတဲ့ စွမ်းရည်နဲ့ ပုံမှန်အတိုင်းပဲ တည်နေသလိုထင်အောင် ခုတ်ဖြတ်ထားခဲ့တာပါ။ လေလေးတိုက်ခတ်လာတဲ့အခါမှာတော့ သစ်ပင်လေးဟာ ဖြေးဖြေးလေး မြေသို့ ပြုတ်ကျသွားပါတယ်။ ဓာရေးအတတ်မှာလည်း ကပိလ၀တ္ထုပြည်မှာ အတော်ဆုံးလို့ အများက သတ်မှတ်ထားတဲ့ သှု့ရဲ့ ၀မ်းကွဲညီဖြစ်တဲ့ နန္ဒမင်းသားလေးကို ကျော်လွန်ပြီး အောင်နိုင်သူအဖြစ်နဲ့ ဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။
မြင်းစီးအတတ်ပြိုင်ပွဲမှာလည်း သိဒ္ဓတ္ထမင်းသားလေးဟာ သူ့ရဲ့ ဖွားဖက်တော် ကဏ္ဍကမြင်းဖြူကို စီးပြီးပြိုင်ပွဲဝင်ခဲ့ပါတယ်။ သူဟာ လျှင်မြန်စွာစီးပြီး အားလုံးသော သူများကို သူ့နောက် အဝေးကြီးမှာကို ချန်ရစ်ခဲ့ပြီး ဖြတ်ကျော်အောင်မြင်ပြီး အောင်နိုင်သူဖြစ်ခဲ့ပြန်ပါတယ်။ ဒီတော့ ပြိုင်ပွဲဝင်အားလုံးဟာ “သိဒ္ဓတ္ထမင်းသားက သူ့စီးတော်မြင်း ကဏ္ဍကမြင်းဖြူကို စီးပြီးပြိုင်မှတော့ လွယ်လွယ်ကှုကှု နိုင်မှာပေါ့၊ တို့လည်း သူ့စီးတော်မြင်း ကဏ္ဍကမြင်းဖြူကို စီးပြီးပြိုင်ရင် အနိုင်ရမှာပဲ။ ဒီတော့ သူဟာ မြင်းစီးမှာ တကယ်အောင်နိုင်သူအစစ် သတ်မှတ်လို့ မရဘူး။ တကယ် မြင်းစီးအတတ်မှာ တတ်ကျွမ်းကျင်တဲ့သူအစစ်ဟာ ထှုးဆန်းတဲ့ မြင်းနက်ကြီးကို စီးပြီးပြိုင်ပွဲဝင်လို့ အနိုင်ရတဲ့သူသာ အောင်နိုင်သူအစစ်ဖြစ်တယ်”လို့ပြောဆိုပြီး ကန့်ကွက်ကာ စောဒကတက်ကြပါတော့တယ်။ အဲဒီမြင်းနက်ကြီးဟာ မယဉ်ကျေးပါဘူး။ အရိုင်းစိတ်တွေဝင်နေတဲ့ မြင်းနက်ကြီးကို သူတို့ပြောတာပါ။
ဒီလိုပြောဆိုပြီး မြင်းနက်ကြီးကို ထုတ်ဆောင်ပြီး မြင်းကို ချိန်းလိုက်ကြပါတယ်။ ပြိုင်ပွဲဝင်တဲ့သူတိုင်း မယဉ်ကျေးတဲ့၊ ကြမ်းတမ်းတဲ့ မြင်းနက်ကြီးကို တက်စီးဖို့ကြိုးစားကြပါတယ်။ ဒါပေမယ့်လည်း အားလုံးဟာ မြေကြီးပေါ်သို့ မြင်းနက်ကြီးရဲ့ ကန်ချောက်ခြင်းကို ခံကြရပါတယ်။ အခုတစ်ခါတော့ ကပိလ၀တ္ထုပြည်မှာ မြင်းစီးအတတ်မှာ အကျွမ်းကျင်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ အနုရုဒ္ဓါမင်းသားလေးအလှည့် ရောက်လာပါတယ်။ သူဟာ မြင်းနက်ကြီးပေါ်ကို လျှင်မြန်ဖြတ်လတ်စွာ လွယ်လွယ်လေးပဲ တက်လိုက်ပါတယ်။ ပြီးတော့ ကြာပွတ်ကိုကိုင်ပြီး မြင်းနက်ကြီးကို ရိုက်ပြီး သူလိုရာ ဆွဲလှည့်စေလိုက်ပါတယ်။ မကြာပါဘူး အနုရုဒ္ဓါမင်းသားလေး မြင်းနက်ကြီးပေါ်မှာ ခဏတာလောက်ပဲ ထိုင်လိုက်ရပါတယ်၊ သူဟာ မမျှော်လင့်ဘဲ မယဉ်ကျေးတဲ့ မြင်းနက်ကြီးဟာ သူ့ကိုယ်ပေါ်ကနေ ကဆုန်ပေါက်ပြီး ခါချပါတယ်။ အနုရုဒ္ဓါမင်းသားလေးဟာ အောက်ပြုတ်ကျပြီး မြင်းနက်ကြီးရဲ့ ကန်ချောက်ခြင်းကို ခံလိုက်ရပါတယ်။
ဒီတစ်ခါတော့ သိဒ္ဒတ္ထမင်းသားလေး တက်စီးဖို့ အလှည့်ရောက်လာပါပြီ၊ လူတိုင်း တွေးမိနေကြတာကတော့ “တို့နိုင်ငံက အကောင်းဆုံး မြင်းစီးသမား အနုရုဒ္ဓါမင်းသားတောင်မှ သေလုနီးပါးဖြစ်အောင် မြင်းနက်ကြီးရဲ့ ကန်ချောက်ခြင်းကို ခံရတယ်ဆိုရင် သိဒ္ဓတ္ထမင်းသားအနေနဲ့ သေချာပါတယ် သူဟာ အနုရုဒ္ဓါမင်းသားလေးထက် အကောင်းဆုံး မဖြစ်နိုင်ပါဘူ။ မြင်းနက်ကြီးရဲ့ ကန်ချောက်ခြင်းကို ခံရမှာပဲ။”ဆိုတဲ့ အတွေးလေးပါပဲ။ ဒါပေမယ့်လို့ သိဒ္ဓတ္ထမင်းသားလေးဟာ မြင်းနက်ကြီးရှိရာကို အသားလေးကပ်လာပြီး လက်တစ်ဖက်ကို မြင်းနက်ကြီးရဲ့ လည်ပင်းပေါ်တင်ပြိး မြင်းကြီကို လက်တစ်ဖက်နဲ့ ပွတ်သတ်ပြီး မြင်းနက်ကြီးကို မျက်နှာအပ်ပြီး တိုးတိုးလေး စကားပြောလိုက်ပါတယ်။ နောက်တော့ အသာအယာပဲ မြင်းနက်ကြီးပေါ်ကို တက်လိုက်ပါတယ်။ လူတိုင်းပဲ မြင်းနက်ကြီးဟာ ယဉ်ကျေးသွားပြီး သိဒ္ဓတ္ထမင်းသားလေးကို သူ့ကျောပေါ်တက်စီးခွင့်ပြုကာ သိဒ္ဓတ္ထမင်းသားလေးရဲ့ အလိုရှိတိုင်း လိုက်နာပြီး လုပ်ပေးနေတာကို တွေ့မြင်ကြတော့ သိပ်ကို အံ့သြသွားကြပါတယ်။ မြင်းနက်ကြီးဟာ သိဒ္ဓတ္ထမင်းသားလေးရဲ့ ဆန္ဒတော်တိုင်း လုံးဝလိုက်ပြုလုပ်ပေးနေတာကို တွေ့မြင်လိုက်ကြရပါတယ်။ ဒါဟာ မယဉ်ကျေးတဲ့ မြင်းနက်ကြီးကို ကြာပွတ်မသုံးရဘဲနဲ့ ယဉ်ကျေးလိမ်မာအောင် ပြုလုပ်နိုင်တဲ့ မိမိလိုရာကို ခိုင်းစေနိုင်တဲ့ ရဲရင့်တဲ့ သူတစ်ယောက်အဖြစ် ပထမဆုံး သိဒ္ဓတ္ထမင်းသားလေး ပြုလုပ်ပြခဲ့တာပါ။ နောက်ဆုံးမှာတော့ လူတိုင်းက သိဒ္ဓတ္ထမင်းသားလေးဟာ နိုင်ငံမှာ မြင်းစီးအတတ်စသည်မှာ အကောင်းဆုံးအတော်ဆုံးသူအဖြစ် သတ်မှတ်ခြင်းပြုကာ ယသော်ဓရာရဲ့ ကြင်ယာတော် အဖြစ်သင့်လျော်ကာ လက်ခံနိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့ သူဖြစ်တယ်ဆိုပြီး သဘောတူလက်ခံခဲ့ကြပါတယ်။ ဘုရင်သုပ္ပဗုဒ္ဓကိုယ်တိုင် အရည်အချင်းပြည့်ဝတဲ့ သိဒ္ဓတ္ထမင်းသားလေးကို သိပ်ကို သဘောကျပြီး သူ့ရဲ့ သမီးတော် ယသော်ဓရာနဲ့ ထိမ်းမြားလက်ထပ်ပေးဖို့ ချက်ချင်း သဘောတူလိုက်ပါတော့တယ်။
သိဒ္ဓတ္ထမင်းသားလေး အသက် ၁၆ နှစ်မှာပဲ ယသော်ဓရာမင်းသမီးလေးနဲ့ ထိမ်းမြားခဲ့တာပါ။ သိဒ္ဓတ္ထမင်းသားလေးနဲ့ မင်းသမီးယသော်ဓရာတို့ရဲ့ ထိမ်းမြားခြင်း မင်္ဂလာပွဲတော်ဟာ တစ်နိုင်ငံလုံးကို ပျော်ရွှင်မှု့ဖြစ်စေခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ ဘုရင်သုဒ္ဓေါဓန ဆောက်လုပ်ပေးထားတဲ့ ရမ္မ၊ သုဘ၊ သုရမ္မ ဆိုတဲ့ မွေလျော်ဖွယ်ကောင်းပြီး ခမ်းနားထည်ဝါလွန်းတဲ့ နန်းတော်သုံးဆောင်ပေါ်မှာ ပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ ဘုရင်သုဒ္ဓေါဓနဟာ အခုမှပဲ သူ့ဟာ ပီတိ ခံစားချက်တွေ ပျော်ရွှင်မှု့တွေနဲ့ သက်သောက်သက်သာ ဖြစ်သွားခဲ့တာပါ။ သိဒ္ဓတ္ထမင်းသားလေးဟာ နန်းတော်ကို စွန့်ပြီး ထွက်ခွာသွားတော့မှာ မဟုတ်ဘူးဆိုတာကို တွေးပြီးတော့ပေါ့။
 
(ကိုးကားချက်)
ဥယျာဉ်မှုးလေး

ဗုဒ္ဓ၀င်အကျဉ်း .. ( ၇ )

“သုံးသွယ်ရွှေနန်း သူစံမြန်း”

  
“အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ သားတော်သိဒ္ဓတ္ထမင်းသားလေး အရွယ်ရောက်လာတဲ့အခါမှာ သူအို၊ သူနာ၊ သူသေနဲ့ ရဟန်းများကို မြင်တွေ့ပြီး နန်းတော်ကနေ ထွက်ခွာကာ ရဟန်းပြု၍ ဆင်းရဲခြင်းအဆုံးဖြစ်တဲ့အရာကို ရွာဖွေပါလိမ့်မယ်” ဆိုတဲ့ အသိတရသေ့ကြီးနဲ့ ကောဏ္ဍညပညာရှိတို့ရဲ့    နိမိတ်ဖတ်ခဲ့တဲ့ အသံကို ဘုရင်သုဒ္ဓေါဓနရဲ့ စိတ်ထဲမှာ အမြဲကြားယောင်နေပါတယ်။ ဒါကြောင့်လည်းပဲ သိဒ္ဓတ္ထမင်းသားလေးရဲ့ ဆင်းရဲခြင်းရဲ့ အဆုံးဖြစ်တဲ့ အရာကို ရှာဖွေချင်နေတဲ့ စိတ်ဆန္ဒဟာ ဘုရင်သုဒ္ဓေါဓန မင်းကြီးကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ 

ဒီလိုအတွေးမျိုးကို ရှင်းလင်းဖယ်ထုတ်မပစ်နိုင်ဘူးဆိုရင် သိဒ္ဓတ္ထမင်းသားလေးဟာ မကြာခင်မှာ တိုင်းပြည်နဲ့ နန်းတော်ကို စွန့်ခွာပြီးထွက်သွားမှာကို ဘုရင်သုဒ္ဓေါဓန စိုးရိမ်ကာ တွေးတောပြီး ကြောက်ရွံ့နေပါတယ်။ တကယ်လို့ သိဒ္ဓတ္ထမင်းသားလေးသာ နန်းတော်ကိုစွန့်ခွာ တောအရပ်ကို ထွက်ခွားသွားမယ်ဆိုရင် သူ့ရဲ့အရိုက်အရာနန်းတော်နဲ့ အမျိုးအနွယ်ကို ဆက်ခံမယ့်သူ၊ ဆက်လက်ထိမ်းသိမ်းမယ့်သူ မရှိမှာကိုလည်း စိုးရိမ်နေပါတယ်။ သိဒ္ဓတ္ထမင်းသားလေးရဲ့ နန်းတော်က ထွက်ခွာချင်နေတဲ့ စိတ်ဆန္ဒကို ပြောင်းလဲပစ်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့  နန်းတော်မှာ ပျော်ရွှင်မှု့တွေ ကာမဂုဏ်စည်းစိမ်တွေနဲ့သာ အပြည့်အ၀ ခံစားသုံးဆောင်လို့ ရနိုင်အောင်ထားနိုင်ဖို့ လိုအပ်တယ်ဆိုတာကို ဘုရင်သုဒ္ဓေါဓန တွေးမြင်သဘောပေါက်ထားပါတယ်။ သူရဲ့ ဆန္ဒအောင်မြင်ပြည့်ဝဖို့ ပထမဆုံးအနေနဲ့ ခမ်းနားထည်ဝါပြီး ရှု့ချင်စဖွယ်ကောင်းတဲ့ အသစ်ဖြစ်တဲ့ နန်းတော်ကြီးသုံးဆောင်ကို သိဒ္ဓတ္ထမင်းသားလေးအတွက် ထည်ဆောက်ဖို့ စီစဉ်လိုက်ပါတယ်။ သိဒ္ဓတ္ထမင်းသားလေး အသက် တစ်ဆယ့်ခြောက်နှစ်အရွယ်မှာပါ။
ပထမနန်းတော်ကတော့ သင်းပျံ့မွှေးကြိုင်သော သစ်မွှေးများနဲ့ ဆောက်လုပ်လိုက်ပါတယ်။ ဒီနန်းတော်လေးရဲ့ ဘေးပတ်ပတ်လည်မှာ နွေးထွေးစေမယ့် လေပြေလေးများ ရစေဖို့၊ သင်းပျံ့တဲ့ ပန်းရနံ့လေးများ ခံစားရရှိစေဖို့ အတွက်နဲ့ သက်သောင့်သက်သာ ငြိမ်းချမ်းပျော်ရွှင်စွာ ကြည်နှုးနိုင်စေဖို့အတွက် စိတ်ကိုကြည်နှုးစေမယ့် အရာမှန်သမျှကို အပြည့်အ၀ အစွမ်းကုန် ဖန်တီးပေးထားပါတယ်။ ဒီပထမ နန်းတော်ကတော့ သိဒ္ဓတ္ထမင်းသားလေး အေးမြတဲ့ ဆောင်းရာသီအတွက် စံမြန်းနေထိုင်ဖို့ပါပဲ။ 
ဒုတိယနန်းတော်ကတော့ သိဒ္ဓတ္ထမင်သားလေး ပှုပြင်းတဲ့နွေရာသီရောက်ရင် စံမြန်းဖို့အတွက် တောက်တောက်ပြောင်ပြောင် အရောင်တလက်လက်နဲ့ ပြုပြင်မွန်းမံထားတဲ့ စကျင်ကျောက်များနဲ့ ပြုလုပ်ဖန်တီးထားပါတယ်။ တတိယနန်းတော်ကတော့ အစိမ်းရောင်ကြွေပြားများနဲ့အတှု အုတ်ခဲများနဲ့ကာရံထားပြီး မိုးရာသီရောက်ရင် စံမြန်းဖို့အတွက် ပြုလုပ်ဖန်တီးဆောက်တည်ထားပါတယ်။ 
ဘုရင်သုဒ္ဓေါဓနဟာ နန်းတော်သုံးဆောင်တို့ရဲ့ ပတ်ပတ်လည် ၀န်းကျင်မှာ ထာဝရ စိမ်းစိုလှပ အေးမြ မွှေးပျံ့နေစေမယ့် ဥယျာဉ်တစ်ခုကို ဆောက်လုပ်စေပါတယ်။ ပန်းဥယျာဉ်ကြီးထဲမှာ အရောင်မျိုးစုံတဲ့ ကြာပန်းများနဲ့အတူ အေးစိမ့်ကြည်လင်နေတဲ့ ရေကန်များကိုလည်း ဆောက်လုပ်ပေးထားစေပါတယ်။  ဒီဥယျာဉ်က သိဒ္ဓတ္ထမင်းသားလေးအတွက် လမ်းလျှောက်တဲ့အခါမှာဖြစ်ဖြစ်၊ စီးတော်မြင်းကို စီးနင်းနေတဲ့အခါဖြစ်ဖြစ်၊ စိတ်ပျော်ရွှင်စေမယ့် အရာဟူသမျှ ဘာကိုပဲ ပြုလုပ်လုပ် ပြုလုပ်တဲ့အခါမျိုးမှာ အမြဲတမ်းပျော်ရွှင်နေနိုင်အောင်အတွက်၊ ပြုလုပ်နိုင်ဖို့အတွက် လိုအပ်မှု့မရှိအောင် ဖြည့်စည်းပေးထားတာပါ။
ဒီလိုနဲ့ နှစ်တွေဟာ လျှင်မြန်စွာ ကုန်ဆုံးလာတာနဲ့အမျှ သိဒ္ဓတ္ထမင်းသားလေးဟာလည်း အခုဆို အရွယ်ရောက်လာကာ ချောမောလှပတဲ့ မင်းသားလေးတစ်ပါးဖြစ်လာပါတယ်။
ခမည်းတော် ဘုရင်သုဒ္ဓေါဓနဟာ သိဒ္ဓတ္ထမင်းသားလေး နန်းတော်ကနေ ထွက်ခွာပြီး ဆင်းရဲခြင်းများရဲ့ အဆုံး၊ စစ်မှန်တဲ့ ပျော်ရွှင်မှု့တွေကို ရှာဖွေဖို့ အခွင့်အရေးမရရှိအောင် ခမ်းနားထည်ဝါလွန်းလှတဲ့ ရမ္မ၊ သုဘ၊ သုရမ္မ ဆိုတဲ့ နန်းတော်ကြီးသုံးဆောင်ကို ဆောက်လုပ်ကာ အရာရာတိုင်းအတွက် လိုအပ်မှု့မရှိအောင် ဖြည့်ဆည်းပေးထားပါတယ်။ ပြီးတော့ နုပျိုလှပတဲ့ မောင်းမိဿံ အခြွေအရံများကိုလည်း လုပ်ကျွေး ခစားထားစေသလို ဖျားနာတဲ့သူ၊ အိုမင်းတဲ့သူများကိုလည်း နန်းတော်အတွင်းမှာ မမြင်ရလေအောင် စီမံထားပါတယ်။ “သေခြင်းတရား” ဆိုတဲ့ အသံကိုပင် မပြောမိဖို့ အမိန့်တော် ထုတ်ထားတာပါ။ 
ဘုရင်သုဒ္ဓေါဓနဟာ သားတော် သိဒ္ဓတ္ထမင်းသားလေးကို တစ်လောကလုံးကို အစိုးရတဲ့ စင်္ကြာဝတေးမင်းကြီးပဲ ဖြစ်စေချင်ပါတယ်။ ဘုရားအဖြစ်ကို သူမလိုလားတာ အမှန်ပါ။ သို့ပေမယ့်လို့ သိဒ္ဓတ္ထမင်းသားလေးဟာ ခမ်းနားထည်ဝါလှတဲ့ နန်းတော်ကြီးသုံးဆောင်မှာ စံနေရပေမယ့်လို့ တကယ်မပျော်ရွှင်ခဲ့ပါဘူး။ အမြဲတမ်းပဲ စစ်မှန်တဲ့ ပျော်ရွှင်မှု့ကို ရှာဖွေဖို့ စဉ်းစားတွေးကြံနေခဲ့တာပါ။ စစ်မှန်တဲ့ ပျော်ရွှင်မှု့ဆိုတာ ဆင်းရဲဒုက္ခဟူသမျှ လုံးဝကို မရှိတဲ့နေရာပဲဖြစ်ပါတယ်။ ဆင်းရဲဒုက္ခများ မရှိတဲ့နေရာကတော့ နိဗ္ဗာန်ပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ပျော်ရွှင်မှု့ကို ရှာဖွေချင်တဲ့ ဆန္ဒရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ကတော့ လူသားအားလုံး၊ သက်ရှိသတ္တ၀ါအားလုံး အတွက်ပါပဲ။ ဒါဟာ လောကနဲ့ လူသားအကျိုးကို ကြီးမြတ်တဲ့ ကရုဏာတော်နဲ့အတူ အနစ်နာခံကာ ကောင်းကျိုးများကို ပေးဆပ်ချင်ကြတဲ့ မြင့်မြတ်သူတို့ရဲ့ မြင့်မြတ်တဲ့ စိတ်ဆန္ဒနဲ့ လုပ်ရပ်များပဲ ဖြစ်ပါတယ်။
 
(ကိုးကားချက်)
ဥယျာဉ်မှုးလေး

ဗုဒ္ဓ၀င်အကျဉ်း .. ( ၆ )



 
 
 
“လယ်ထွန်မင်္ဂလာ”
 



ကပိလ၀တ္ထုပြည်သူပြည်သားများတိုင်း (အိန္ဒိယ လူများ)ဟာ သူတို့ရရှိ သုံးဆောင် စားသောက်နေတဲ့ စားဝတ်နေမှု့ စသည်တို့ကို လယ်ယာလုပ်ကိုင်ခြင်းမှ ရရှိကြတယ်ဆိုတာ လူတိုင်းနားလည်ထားကြပါတယ်။ ဒါကြောင့်လည်းပဲ၊ လယ်ယာထွန်ယက် ပေါင်းသင်ပြီး ဆန်စပါးများ စိုက်ပျိုးခြင်းကို သူတို့ရဲ့ အရေးပါတဲ့၊ တိုင်းပြည်နဲ့ တိုင်းသူပြည်သားများကို အကျိုးကြီးမားတဲ့ အလုပ်တစ်ခုအနေနဲ့ တောင်သူ လယ်သမားများအားလုံးက မြတ်နိုးစွာ တန်ဖိုးထားသတ်မှတ်ထားကြတာပါ။ ဒါကြောင့် နှစ်စဉ်နှစ်တိုင်းမှာ လယ်ထွန်မင်္ဂလာပွဲတော်ကို ဘုရင်နဲ့ အမတ်ကြီးများပါမက တိုင်းသူပြည်သားများပါ လယ်ထွန်မင်္ဂလာပြုလုပ်ပုံ၊ ကောက်စပါများ စိုက်ပျိုးပုံ၊ စသည့် လယ်ယာလုပ်ကိုင်ခြင်းနဲ့ ပတ်သက်တဲ့ အရာများကို သွားရောက်ကြည်ရှု့ကြပါတယ်။

ဒီလို လယ်ယာပြုလုပ်ခြင်းအမှု့ကို အထင်သေးစရာမလိုသလို၊ လယ်ယာလုပ်ကိုင် စားသောက်နေကြရလို့လည်း ဂုဏ်ငယ် သေးသိမ်တယ်လို့ မခံစားကြဘဲနဲ့ တကယ် တိုင်းပြည်နဲ့ တိုင်းသူပြည်သား အားလုံးအတွက် မင်္ဂလာပြုလုပ်ခြင်း တစ်ပါးလို့ သတ်မှတ်ထားကြတာပါ။ ကပိလ၀တ္ထုပြည်မှာ နွေရာသီရဲ့ နောက်ဆုံးတစ်လကနေစပြီး လယ်သမားများဟာ လယ်ထွန်မင်္ဂလာကို စတင်ပြုလုပ်ကြပါတယ်။ ဘုရင်သုဒ္ဓေါဓနနဲ့ အမတ်ကြီးများ၊ မှုးမတ်များဟာလည်း လယ်ထွန်မင်္ဂလာကို နှစ်စဉ်နှစ်တိုင်း မဖြစ်မနေ သွားရောက်ကာ ဘုရင်ကိုယ်တိုင် စတင်ပြီး လယ်ထွန်မင်္ဂလာကို ဖွင့်ပေးလေ့ရှိပါတယ်။ နိုင်ငံရဲ့ ကြီးမားပြီး စည်ကားလှတဲ့ လယ်ထွန်မင်္ဂလာ ပွဲလမ်းသဘင်ကြီးတစ်ခုပါပဲ။  တိုင်းသူပြည်သားများဟာလည်း ဘုရင်ကိုယ်တိုင် လယ်ထွန်မင်္ဂလာကို ဘုရင်ကိုယ်တိုင် လယ်ထွန်ယက်ပြီး ဖွင့်လှစ်တာကို ကြည့်ရှု့ဖို့ လာရောက်ကြပြီး စည်ကားလှတဲ့ ပွဲတော်ကြီးနဲ့အတူ ပျော်ရွှင်စွာ တစ်နေ့တာကို ကုန်စေကြပါတယ်။ ဒီနှစ် လယ်ထွန်မင်္ဂလာပွဲတော်ကို ဘုရင်သုဒ္ဓေါဓနနဲ့အတူ မင်းသားလေး သိဒ္ဓတ္ထလည်း လိုက်လာခဲ့ပါတယ်။ ဘုရင်သုဒ္ဓေါဓနကိုယ်တိုင် လယ်ထွန်မင်္ဂလာကို လှလှပပတန်ဆာဆင်ထားတဲ့ ရွှေဖြင့်လုပ်ထားတဲ့ ထွန်နဲ့ စတင်ထွန်ယက်ပြီး ဖွင့်လှစ်ပါတယ်။ ခဏနေမှ ဆိုင်ရာလယ်သမားများဟာ ဆိုင်ရာဆိုင်ရာ နေရာတွေမှာယူပြီး ကောက်ပဲသီးနှံ စပါးများ စိုက်ဖို့အသင့်ဖြစ်သည့်တိုင်အောင် ထွန်ယက်ကြပါတယ်။
နေ့လည်စာစားချိန်မှာ သိဒ္ဓတ္ထမင်းသားလေးကို ထိန်းသိမ်းစောက်ရှောက်တဲ့ အထိန်းတော်များဟာ လယ်ထွန်မင်္ဂလာကို ပျော်ရွှင်ကြည်နှုးဖို့ သွားရောက်ကြည့်နေပြီး သိဒ္ဓတ္ထမင်းသားလေးကို တစ်ယောက်တည်း ပစ်ထားခဲ့ကြပါတယ်။ ဒီအချိန်မှာ သိဒ္ဓတ္ထမင်းသားလေးဟာ ဇမ္ဗုပင်ကြီးရဲ့အောက်ကို တစ်ယောက်တည်း လျှောက်လာပြီး ငြိမ်သက်စွာထိုင်ရင်း တွေးတော ဆင်ခြင်လိုက်တာကတော့ “ငါ၏ခမည်းတော် ဘုရင်သုဒ္ဓေါဓန၊ အမတ်ကြီးများနဲ့ တိုင်းသူပြည်သားများဟာ လယ်ထွန်မင်္ဂလာပွဲတော်ကို လာရောက်ကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပနေကြတယ်။ ဒါပေမယ့် နွားများမှာတော့ ပျော်ရွှင်မှု့ အရိပ်အယောင် နည်းနည်းကလေးမှ မတွေ့မြင်ရဘူး။ မရှိဘူး။ သူုတို့မှာ ကြမ်းတမ်းမာကြောတဲ မြေကြီးကို ဖောက်ခွဲဖို့အတွက် ထွန်တုံးများးကို ပင်ပန်းဆင်းရဲစွာ ရှိသမျှအား အကုန်ထုတ်ကာ ရုန်းကန်နေကြရတယ်။ သူတို့ဟာ သူတို့ရဲ့ နာကျင်ခံစားမှု့များကို ကိုယ့်ဆန္ဒအရ ပပျောက်သက်သာအောင် ရပ်နားချင်ကြပေမယ့်လည်း မနားရဘဲ ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြရတဲ့အတွက် သူတို့မှာ  ပျော်ရွှင်မှု့အရိပ်အယောင် အမှုအရာ လုံးဝကိုမရှိကြဘူး။ တစ်နေကုန် လူအများဟာ ပျော်ပါးနေကြပေမယ့်လို့ သူတို့ နွားတွေမှာတော့ ကြမ်းတမ်းပင်ပန်းစွာ လုပ်ကိုင်နေကြရတယ်။” သူတို့မှာ အရှင်သခင်များဆီက အကြင်နာမဲ့စွာ ဆဲဆို ကြိမ်းမောင်းသံများနဲ့အတူ ပင်ပန်းစွာနဲ့ပဲ သခင်များအတွက် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ပေးနေကြတယ်။
နောက်တော့ သိဒ္ဓတ္ထမင်းသားလေးဟာ သူအနီးအနားမှာ ရှိတဲ့ အခြားသတ္တ၀ါများရဲ့ များစွာသော လှုပ်ရှားဖြစ်ပေါ်နေတဲ့ အရားများကို သတိထား ရှု့ကြည့်မိလိုက်ပါတယ်။ ပုတ်သင်ညိုတစ်ကောင်ဟာ မြေပေါ်တွားသွားရင်း ပုရွက်ဆိတ်များ အခြားပိုးမွှားလေးများကို လိုက်လံစားသောက်နေတာကို မြင်တွေ့လိုက်ပါတယ်။ မကြာခင်မှာပဲ မြွေတစ်ကောင်ဟာ လာရောက်ပြီး ထိုပုတ်သင်ညိုလေးကို ခေါင်းကို ကိုက်ဖြတ် ဖမ်းယူ စားသောက်ပစ်လိုက်ပါတယ်။ ထိုတိုတောင်းတဲ့ အချိန်လေးတွင်းမှာပါပဲ၊ ကောင်းကင်ပေါ်ကနေပြီး စွန်ငှက်တစ်ကောင်က ထိုးဆင်းလာပြီး ထိုမြွေကိုတစ်ဖန် ကုတ်ယူဖမ်းဆုပ်ပြီး စားသောက်ပစ်လိုက်ပြန်ပါတယ်။ သိဒ္ဓတ္ထမင်းသားလေးဟာ သိပ်ကိုအံအားသင့်သွားပါတယ်။ နောက်တော့ သိဒ္ဓမင်းသားလေးဟာ သူရဲ့အတွေးစိတ်များကို အာရုံစူးစိုက်ပြီး သူ့ကိုသူ မေးခွန်းထုတ်ပါတယ်။ “အရာအားလုံးဟာ ဒီအတိုင်းသာဆိုရင် ဘ၀မှာ အလှတရားများလို့ ပြောဆိုနေကြတဲ့အရာအားလုံးဟာ သူရဲ့နောက်ကွယ်မှာ မလှပခြင်း၊ ဆင်းရဲခြင်းများဟာ ပုန်းကွယ်နေမှာ သေချာတယ်။ ”သိဒ္ဓတ္ထမင်းသားလေးဟာ အခုလက်ရှိဘ၀အချိန်လေးမှာ သူဟာ အပှုအပင်မရှိ သိပ်ကို ပျော်ရွှင်နေပေမယ့် လူသားအားလုံး သတ္တ၀ါများအားလုံးကို ဖုံးလွှမ်းထားတဲ့ ဆင်းရဲခြင်းတရားများကို နားလည်သဘောပေါက်သွားပါတယ်။ ထိုအကြောင်းအရာများကို ဆင်ခြင်ပြီးတော့ ပထမဈာန်ကို ၀င်စားနေတော်မှုလိုက်ပါတယ်။
လယ်ထွန်မင်္ဂလာပြီးမြောက်သွားတဲ့အချိန်မှာ သူ့ရဲ့အထိန်းတော်များကို သိဒ္ဓတ္ထမင်းသားလေးကို သတိရသွားပြီး သိဒ္ဓတ္ထမင်းသားလေး ပထမဈာန်ဝင်စားနေတဲ့နေရာကို အပြေးကလေးလာရောက်ပြီး နှိုးကာ ဘုရင်သုဒ္ဓေါဓနက မင်းသားလေးကို နန်းတော်သို့ ပြန်ဖို့အချိန်ပြီးဖြစ်တဲ့အတွက် ရှာဖွေနေတဲ့အကြောင်း လျောက်ထားပြီးကာ ခေါ်ဆောင်သွားကြပါတယ်။ နန်းတော်သို့ အပြန်လမ်းမှာ သိဒ္ဓမင်းသားလေးဟာ အားလုံးသောသတ္တ၀ါများအပေါ်မှာ သနားခြင်းကရုဏာတော်များကို ဖြစ်စေခဲ့ပါတယ်။ သတ္တ၀ါအားလုံးဟာ သူတို့ရဲ့ ဘ၀အသက်ရှင်နေထိုင်ရေးအတွက် နာကျင်မှု့တွေ၊ ဆင်းရဲမှု့တွေကြားမှာ ပင်ပန်းစွာ ရုန်းကန်လှုပ်ရှား နေကြရတာကို တွေးမြင်မိလို့ပါ။
ဒီနေရာမှာ သိဒ္ဓမင်းသားလေးရဲ့ ကြီးမြတ်တဲ့ ကရုဏာတော်ကို သိရှိပြီး ကြည်ညိုတတ်စေချင်ပါတယ်။



(ကိုးကားချက်)
ဥယျာဉ်မှုးလေး

ဗုဒ္ဓ၀င်အကျဉ်း .. ( ၅ )

                                     “သိဒ္ဓတ္ထမင်းသား၏ ကြင်နာမှု့”
သိဒ္ဓတ္ထမင်းသားလေးဟာ လူသားချင်းအပေါ်စာနာ သနားကြင်နာတတ်ရုံတင်မကပါဘူး၊ သက်ရှိသတ္တ၀ါများဖြစ်တဲ့ တိရစ္ဆာန်များအပေါ်မှာလည်းပဲ စာနာတတ်တဲ့စိတ်၊ သနားကြင်နာတတ်တဲ့ စိတ်သဘောထားရှိပါတယ်။ သိဒ္ဓတ္ထမင်းသားလေးဟာ ဘုရင့်သားတော်လေးဖြစ်တာကြောင့် စားမှု့၊ နေမှု့၊ သောက်မှု့ စသည့် အရာအားလုံးမှာ အခက်အခဲ ဆင်းရဲခြင်းကို မခံစားရပေမယ့် သူပျော်ရွှင်အောင် အလုပ်များကို ခက်ခဲကြမ်းတမ်းစွာလုပ်ကာ အသက်ရှင်ရပ်တည်နေကြရတဲ့ တိုင်းသူပြည်သားကိုအားလုံးကို အမြဲတမ်းတွေးပြီး သနားကြင်နာတတ်လေ့ ရှိပါတယ်။ သိဒ္ဓတ္ထမင်းသားလေးဟာ သူပျော်ရွှင်စွာ နေနေရသလိုပဲ တိုင်းသူပြည်သားများကို ပျော်ရွှင် ချမ်းသာအောင်လုပ်ပေးဖို့အတွက် ဆန္ဒရှိစွာ လုပ်ပေးချင်ခဲ့တာပါ။ 

 သိဒ္ဓတ္ထမင်းသားလေး အသက်ရှစ်နှစ်မှာပဲ သူ့ရဲ့ သဘာဝအားဖြင့် သနားကြင်နာတတ်တဲ့ ကိုယ်ကျင့်တရား စိတ်နေသဘောထားးကိုစပြီး ပြသခဲ့တာပါ။ နန်းတော်မှာပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သတ္တ၀ါများကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း ဟူသမျှကို ရှောင်ကြဉ်ခဲ့ပါတယ်။ ဒါပေမယ့် သတ္တ၀ါများရဲ့ ဆင်းရဲဒုက္ခများမှ ကင်းလွတ်အောင် ကူညီရိုင်းပင်းလေ့ရှိပါတယ်။ တစ်နေ့ သူ့ရဲ့လုပ်ကျွေးဖော်ဖြစ်တဲ့ သူတစ်ယောက်ဟာ မြွေတစ်ကောင်ကို ရိုက်နေတာကို တွေ့မြင်ပြီး မရိုက်သတ်ဖို့ပြောကြား တားမြစ်ခဲ့ပြီး နောက်နောင် ဒီလို သတ္တ၀ါများကို မညှင်းဆဲ မသတ်ဖြတ်ဖို အလေးအနက်တိုက်တွန်းလိုက်ပါတယ်။
တစ်ခုသောနေ့မှာ သိဒ္ဓတ္ထမင်းသားလေးဟာ သူ့ရဲ့အပေါင်းအဖော် လူငယ်လေးများနဲ့အတူ နန်းတော်ထဲက ဥယျာဉ်တော်ထဲမှာ ကစားနေပါတယ်။ ထိုသူ့ရဲ့ အပေါင်းအဖော် လူငယ်လေးများအထဲမှ သူ့ရဲ့ ညီအစ်ကိုဝမ်းကွဲတော်တဲ့ ကိုယ်ကျင့်စရိုက်အားဖြင့် သိဒ္ဓတ္ထမင်းသားလေးနဲ့ ရေနဲ့ မီးအလား လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ လေးနဲ့ မြှားကိုဆောင်ယူထားတဲ့ ဒေ၀ဒတ္တမင်သားလည်းပါပါတယ်။ သိဒ္ဓတ္ထမင်းသားလေးရဲ့ နှလုံးသားမှာ မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရားများနဲ့ ထာဝရပြည့်နေတတ်ပြီး ယဉ်ကျေး၊လိမ်မာသနားခြင်းတွေနဲပါ။ သတ္တ၀ါများကို ဖိနှိပ်ချူပ်ချယ် သတ်ဖြတ်ညှင်းဆဲခြင်းအမှု့ ပြုမှုတတ်လေ့အလျဉ်းမရှိပေမယ့် ဖိနှိပ်ချူပ်ချယ် သတ်ဖြတ်ညှင်းဆဲခြင်းအမှု့များကနေ လွတ်မြောက်အောင် ကူညီလေ့အမြဲရှိပါတယ်။ ဒေ၀ဒတ္တမင်းသားကတော့ မနာလိုဝန်တိုတတ်လေ့ရှိပြီး ညှင်းဆဲသတ်ဖြတ်ခြင်း ပြုလုပ်ရမှာကို သိပ်ကိုကြိုက်ပါတယ်။ ၀ါသနာထုံပါတယ်။
အပေါင်းအဖော်များနဲ့ နန်းတော်ဥယျာဉ်တော်ထဲမှာ ပြေးလွှားကစားနေစဉ်မှာပဲ ကောင်းကင်မှာ ပျံသန်းနေတဲ့ ငန်းလေးတစ်ကောင်ကို ဒေ၀ဒတ်မင်းသားလေးမြင်တွေ့လိုက်စဉ်မှာပဲ သူ့ရဲ့ လေးနဲ့ ငန်းလေးကို ပစ်ချလိုက်ပါတယ်။  ဒေ၀ဒတ္တမင်းသားလေးရဲ့ မြှားဒဏ်ကြောင့် ကျလာတဲ့ ငန်းလေးကို သိဒ္ဓတ္ထမင်းသားလေးနဲ့အတူ ဒေ၀ဒတ္တမင်းသားလေးဟာ ပြေးကောက်ကြပါတယ်။ ဒါပေမယ့် သိဒ္ဓတ္ထမင်းသားလေးက ဒေ၀ဒတ္တမင်းသားလေးထက် ပိုပြီး လျှင်မြန်စွာပြေးနိုင်တဲ့အတွက်ကြောင့် ငန်းလေးကို သိဒ္ဓတ္ထမင်းသားလေးရလိုက်ပါတယ်။ သိဒ္ဓတ္ထမင်းသားလေးဟာ ငန်းဘဲလေး အသက်မသေဘဲ ရှင်သန်နေသေးတာကို သိပြီး ငန်းလေးရဲ့ တောင်ပံမှာ စိုက်ဝင်နေတဲ့ မြှားတံလေးကို ဆွဲနှုတ်ပြီး အနီးရှိ ဆေးဘက်ဝင်တဲ့ သစ်ပင်တစ်ပင်မှာရှိတဲ့ သစ်ရွက်ကိုခှုးပြီး အရည်များကိုသုတ်လိမ်းပေးပြီး သူ့ရဲ့နှုးညံ့တဲ့လက်ကလေးနဲ့အတူ သွေးထွက်တိတ်အောင် ဒဏ်ရာကြောင့် နာကျင်စွာခံစားနေရပြီး ကြောက်လန့်နေတဲ့ ငန်းလေးကို ပွတ်သတ်ပေးလိုက်ပါတယ်။ ဒေ၀ဒတ္တမင်းသားလေးက ငန်းလေးကို လာတောင်းတော့ သိဒ္ဓတ္ထမင်းသားလေးက ငန်းလေးကို ပေးဖို့ ငြင်းဆန်ပါတယ်။ ဒီတော့ ဒေ၀ဒတ္တမင်းသားလေးက သူပစ်ချလိုက်တဲ့ ငန်းလေးကို သိဒ္ဓတ္ထမင်းသားလေးက မပေးတော့ သိပ်ကိုစိတ်ဆိုးဒေါသထွက်သွားပါတယ်။
“ငါ့ရဲ့ ငန်းငှက်ကို ပေးပါ၊ ဒီငန်းကို ငါပစ်ချလိုက်တာ”လို့ ဒေ၀ဒတ္တမင်းသားလေးက တောင်းတော့ သိဒ္ဓတ္ထမင်းသားလေးက “မပေးဘူး။ ငါမင်းကို ဒီငန်းလေးကို ပေးမှာ မဟုတ်ဘူး၊ တကယ်လို့ မင်းက ဒီငန်းလေးကို သေအောင်သတ်ခဲ့ရင် မင်းပိုင်နိုင်ပါတယ်။ ဒါပေမယ့် အခု ဒီငန်းလေးဟာ မြှားမှန်ပြီး နာကျင်စွာနဲ့ အသက်ရှင်နေသေးတဲ့အတွက် ငါပိုင်တယ် ဘာကြောင့်လဲဆိုတော့ ငါဟာ သူ့ရဲ့ အသက်ကို ကယ်လိုက်တဲ့အတွက်ပဲ”လို့ သိဒ္ဓတ္ထမင်းသားလေးက ပြောပါတယ်။
(မင်း….ငါ….လို့သုံးလိုက်ရတာကတော့ ခေတ်သုံးစကားနဲ့ နားလည်အောင် စာရေးသူသုံးလိုက်တာပါ။ ဒီလို သုံးလိုက်လို့ သိဒ္ဓတ္ထမင်းသားလေးရဲ့ လိမ်မာယဉ်ကျေးတယ်လို့ အထက်က ဆိုခဲ့တဲ့စကားလေးနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်ဟု မမြင်စေလိုပါ။)
ဒေ၀ဒတ္တမင်းသားလေးဟာ သိပ်ကို ဒေါသထွက်သွားပါတယ်။ ဒီတော့ သိဒ္ဓတ္ထမင်းသားလေးက “ဒါဆိုရင် ဒီငန်းလေးကို အမှန်တကယ် ဘယ်သူပိုင်သလဲဆိုတာကို သိဖို့ ငါတို့ ခုရုံးကိုသွားပြီး ပညာရှိများကို သွားပြီးမေးမယ်”လို့ အကြံပြုပါတယ်။ ဒေ၀ဒတ္တမင်းသားလေးက ဒါကို သဘောတူလိုက်ပါတယ်။
ဒီလိုနဲ့ နှစ်ယောက်သား ခုရုံးကိုသွားပြီး သူတို့နှစ်ယောက်ရဲ့ ပြဿနာကိုပြောပြကြတယ်။ ပညာရှိများဟာ ကွဲပြားတဲ့အဖြေစကားကိုပြောကြပါတယ်။  တစ်ချို့ပညာရှိတွေက ငန်းလေးကို ကိုယ်တိုင် မြေသို့ကျအောင်ပစ်ချလိုက်တဲ့ ဒေ၀ဒတ္တမင်းသားလေးပဲ ပိုင်ဆိုင်သင့်တယ်လို့ ဆိုပါတယ်။ တစ်ချို့ပညာရှိတွေက သိဒ္ဓတ္ထမင်းသားလေးဟာ ငန်းဘဲလေးရဲ့ အသက်ကို ကယ်တင်လိုက်တဲ့အတွက် သိဒ္ဓတ္ထမင်းသားလေးသာ ပိုင်ဆိုင်သင့်တယ်လို့ ဆိုပါတယ်။ ဒါဟာ ပညာရှိတွေက သူတို့အမြင် သူတို့ဆုံးဖြတ်ချက်ကို ပြောဆိုကြတာပါ။
နောက်ဆုံးမှာတော့ ငယ်ရွယ်ပြီး ပညာရှိတဲ့သူတစ်ယောက်ကထပြီး သြဇာအပြည့်နဲ့ ကျယ်လောင်စွာ ကြော်ငြာဆုံးဖြတ်လိုက်တာကတော့ “သတ္တ၀ါတိုင်းကို သူတို့ရဲ့ အသက်ကိုစောင့်ရှောက်ပေးတဲ့ ကာကွယ်ပေးတဲ့ လူတိုင်းသာလျှင် တကယ်စင်စစ် ပိုင်ပါတယ်၊ သတ်ဖြတ် ညှင်းဆဲတတ်တဲ့ သူများ မပိုင်ဆိုင်ပါဘူး။ တကယ်တော့ ဒီငန်းလေးရဲ့ အသက်ကို ဒဏ်ရာမှကုသပြီး ကယ်ဆယ်စောင့်ရှောက်ခဲ့တဲ့ သိဒ္ဓတ္ထမင်းသားလေးသာ ပိုင်ဆိုင်တယ်”လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။
ပညာရှိရဲ့ သတ္တ၀ါတိုင်းကို စောက်ရှောက်ပြီး သူတို့ရဲ့အသက်ကို ကယ်တဲ့သူတိုင်းသာ ပိုင်ဆိုင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အားလုံကလက်ခံလိုက်ကြပြီး သူတို့ပြဿနာကို ပြီးဆုံးစေလိုက်ပါတယ်။ ဒီတော့ သိဒ္ဓတ္ထမင်းသားလေးဟာ ငန်းလေးကို အကောင်းဆုံး ဒဏ်ရာမှ လုံးဝသက်သာပျောက်ကင်းအောင် ကုသပေးပြီး သူ့ရဲ့အပေါင်းအသင်းများ မိဘများရှိတဲ့ တောထဲကိုအတူပျော်ရွှင်စွာနေဖို့အတွက် ပျံသန်းစေခဲ့ပါတယ်။ အဲဒီနေ့ကစပြီး ဒေ၀ဒတ္တမင်းသားလေးဟာ သိဒ္ဓတ္ထမင်းသားလေးကို စတင်မုန်းတီးသွားပါတော့တယ်။
သိဒ္ဓတ္ထမင်းသားလေးဟာ အလွန်ကို သက်ရှိလူသားများနဲ့ သတ္တ၀ါအများအပေါ်မှာ ကြင်နာသနား ကူညီစောက်ရှောက်ခဲ့တာပါ။ ကြီးမားတဲ့ ကရုဏာတော်ရှင်တစ်ယောက်ပါပဲ။
(ကိုးကားချက်)
ဥယျာဉ်မှုးလေး

ဗုဒ္ဓ၀င်အကျဉ်း .. ( ၄ )


သီဒ္ဓတ္ထမင်းသား၏ ပညာရေး”
ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား နာမည်ပေး ကင်ပွန်းအခမ်းအနား ပြီးလို့ နှစ်ရက်မြောက်သော နေ့မှာပဲ သိဒ္ဓတ္ထမင်းသားရဲ့ မယ်တော် မဟာမာယာ နတ်ရွာစံ ကံတော်ကုန်သွားပါတယ်။ ကပိလ၀တ္ထုပြည်ရဲ့ တိုင်းသူပြည်သားများဟာ မိဘုရားမဟာမာယာရဲ့ နတ်ရွာစံကံတော်ကုန်တဲ့ သတင်းစကားကြားလိုက်စဉ်မှာပဲ အားလုံးဝမ်းနည်း ပှုဆွေးသွားကြပါတယ်။ မဟာမာယာဟာ နန်းတော်အတွင်းရှိ အမျိုးသမီးများထက် အကျင့်သီလ၊ အမျိုးဇာတ်အားဖြင့် အလွန်တရာမြင့်မြတ်တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပှုဆွေးတောက်လောင်မှု့ အလွန်ကဲဆုံးကတော့ ဘုရင်သုဒ္ဓေါဓနပါပဲ။ သူ့ရဲ့ ချစ်မြတ်နိုးမှု့နဲ့ အတူပေါ့။
မဟာမယာ နတ်ရွာစံပြီးတဲ့နောက်မှာ ဘုရင်သုဒ္ဓေါဓနဟာ မဟာမာယာရဲ့ ညီမတော်လည်းဖြစ်၊ သိဒ္ဓတ္ထမင်းသားရဲ့ အဒေါ်လည်းဖြစ်တဲ့ မဟာမဇာပတိဂေါတမီကို သားတော်ငယ်လေးကို စောက်ရှောက်ဖို့ အပ်နှံလိုက်ပါတယ်။ မဟာပဇာပတိဂေါတမီဟာ အစ်မတော်ဖြစ်သူ နတ်ရွာစံတဲ့နေ့မှာပဲ သားတော် နန္ဒမင်းသားလေးကို ဖွားမြင်ပါတယ်။ သို့ပေမယ့် သူ့ရဲ့ရင်မှဖြစ်သော သားတော်နန္ဒမင်းသားလေးကို အထိန်းတော်လက်အပ်နှံပြီး နို့ချိုတိုက်ကျွေးကာ သိဒ္ဓတ္ထမင်းသားလေးကို မိမိ၏ သားအရင်းကဲ့သို့ နို့ချိုတိုက်ကျွေးပြီး ကြီးပြင်းအောင် စောက်ရှောက်ခဲ့တာပါ။ မဟာပဇာပတိဂေါတမီဟာ သိဒ္ဓတ္ထမင်းသားလေးကို သိပ်ချစ်တာပါ။ တကယ်တော့ သိဒ္ဓတ္ထမင်းသားလေးဟာ သူ့ရဲ့ မိခင်ရင်းဖြစ်တဲ့ မဟာမာယာကို တကယ်မသိခဲ့ပါဘူး။
မဟာပဇာပတိဂေါတမီရဲ့ ကျွေးမွေးထိန်းကျောင်းမှု့အောက်မှာ တစ်ဖြေးဖြေးနဲ့ သိဒ္ဓတ္ထမင်းသားလေးဟာ ကြီးပြင်းလာပါတယ်။ လူအများချစ်ခင်မြတ်နိုးခြင်းကို ခံရတဲ့ အလွန်အင်မတန်ချောမောတဲ့ မင်းသားလေး သိဒ္ဓတ္ထပါ။ သိဒ္ဓတ္ထမင်းသား အသက် ၈နှစ်အရွယ်ရောက်တဲ့အခါ ဘုရင်သုဒ္ဓေါဓနဟာ သိဒ္ဓတ္ထမင်းသားကို အရေး၊ အဖတ်၊ ဂဏန်းသင်္ချာ၊ ဆင်အတတ်၊ လေးအတတ်၊ လက်ဝှေ့အတတ်၊ သမိုင်းဘာသာရပ်၊ သိပံဘာသာရပ်စတဲ့ ယောင်္ကျားတို့တပ်အပ်တဲ့ အတတ်ပညာမှန်သမျှကို သင်ယူဖို့အတွက် နိုင်ငံမှ ပညာရှိများကို နန်းတော်သို့ ပင့်ဖိတ်စေပြီး ပညာသင်ကြားပို့ချပေးစေပါတယ်။
အားလုံးသောဆရာများဟာ ပြည့်ဝတဲ့ဆရာများဖြစ်တာကြောင့်ရော သိဒ္ဓတ္ထမင်းသားကိုယ်တိုင်ကပါ ရဲရင့် လျင်မြန်ဖျတ်လတ်ပြီး ဥာဏ်ပညာကောင်းကာ တတ်သိလိမ်မာကြောင့် သိဒ္ဓတ္ထမင်းသားဟာ သူ့ရဲ့ ပညာသင်ယူမှု့မှာ အခက်အခဲမရှိ လွယ်ကူစွာ ပြီးမြောက်အောင်မြင်အောင် သင်ကြားတတ်မြောက်ခဲ့ပါတယ်။ တစ်ခါသင်ကြားပို့ချရုံနဲ့ ချက်ချင်းနားလည်သဘောပေါက်အောင် တော်ပါတယ်။ သင်ယူတဲ့ ဘာသာတိုင်းမှာလည်း အခြားသော စာသင်ဖက်ကျောင်းသားများထက်သာပြီး ဂုဏ်ထူးဆောင်များနဲ့ အမြဲအောင်မြင်ခဲ့တာပါ။ အောင်မြင်သူအဖြစ်သာ ထာဝရဖြစ်နေခဲ့ပြီး၊ ရှုံးနိမ့်သူအဖြစ်ကတော့ ဘယ်တော့မှ မဖြစ်ခဲ့ပါဘူး။ လက်ရုံးရည် ယှဉ်ပြိုင်မှု့မှာရော၊ နှလုံးရည် ယှဉ်ပြိုင်မှု့စတဲ့ ယှဉ်ပြိုင်မှု့အားလုံးမှာရော အနိုင်ရ သာလွန်ခဲ့ပါတယ်။ နားလည်အောင်ပြောရရင် အတန်းထဲမှာတော့ အတော်ဆုံးကျောင်းသားဟာ သိဒ္ဓတ္ထမင်းသားလေးပါပဲ။ သူ့ရဲ့ ထူးခြားလွန်ကဲတဲ့ ဥာဏ်ပညာကြောင့် အောင်မြင်မှု့များရရှိပြီး အမြဲတမ်း ပထမနေရာမှာ ရပ်တည်မှု့ကို တိုင်းသူပြည်သားများ၊ ဆရာများနဲ့ ခမည်းတော်၊ မိထွေးတော် (ဂေါတမီ) များဟာ အလွန်အံ့သြကာ ပျော်ရွှင် ကျေနပ် ၀မ်းမြောက်နေကြပါတယ်။
သိဒ္ဓတ္ထမင်းသားလေးဟာ လိမ်မာကာ တော်တဲ့ကျောင်းသား၊ နိုင်ငံရဲ့ ဘုရင့်သားတော်မင်းသားလေးတစ်ပါးဖြစ်ပေမယ့်လည်း သူ့ရဲ့ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးမှာ ဆရာသမားများကို အရိုအသေပေး ဆက်ဆံပါတယ်။ ဂါရ၀တရား၊ နိဝါတကို ဘယ်တော့မှ မမေ့တတ်တဲ့မင်းသားလေး သိဒ္ဓတ္ထပါ။ “ညီညာ၊ ထကြွ၊ ဆုံးမနာယူ၊ လာမှုကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ် မချွတ်ငါးခုသာ”ဆိုတဲ့ တပည့်ကျင့်ဝတ်တဲ့ ပြည့်စုံတဲ့ သိဒ္ဓတ္ထမင်းသားပါ။

(ကိုးကားချက်) 
ဥယျာဉ်မှုးလေး

ဗုဒ္ဓ၀င်အကျဉ်း .. ( ၃ )



 

“နာမည်ပေး အခမ်းအနား”

ကပိလ၀တ္ထုပြည်ရဲ့ အပြင်ဘက်မှာတည်ရှိတဲ့ တောင်တန်းကြီးများပေါ်မှာ ရသေ့ပညာရှိတွေ အများကြီးနေထိုင်ကြပါတယ်။ ထိုရသေ့ ပညာရှိတွေများထဲမှ ဘုရင်သုဒ္ဓေါဓနနဲ့ တိုင်းသူပြည်သားများရဲ့ ကြည်ညို အရိုအသေလေးစားမှု့ကို ခံရတဲ့ အသိတအမည်ရှိတဲ့ ရသေ့တစ်ပါးလည်းရှိပါတယ်။ သူ့ရဲ့နာမည်အရင်းကတော့ ကာလဒေ၀လရသေ့ပါ။ အသိတရသေ့ဟာ ဘုရင်သုဒ္ဓေါဓရဲ့ သားဦးရတနာ မင်းသားတစ်ပါးဖွားမြင်ရရှိတယ်ဆိုတဲ့ သတင်းစကားကို ကြားကြားချင်းပါပဲ မင်းသားလေးရဲ့ လက္ခဏာတော်ကို ဖတ်ဖို့အတွက် နန်းတော်ကို အပြေးကလေး သွားရောက်ခဲ့ပါတယ်။
အသိတရသေ့ ပညာရှိကြီး နန်းတော်ကိုကြွာလာတော့ ဘုရင်သုဒ္ဓေါဓန အလွန်ကို ပျော်ရွှင်သွားပါးတယ်။ အသိတရသေ့ နန်းတော်ကို ရောက်တဲ့အခါမှာ ဘုရင်သုဒ္ဓေါဓနက မင်းသားလေးအတွက် သူကိုးကွယ်တဲ့ ပညာရှိရသေ့အသိတရဲ့ ကောင်းချီးပေးမှု့ကို မျှော်လင့်ပြီး အထိန်းတော်များကို ဘုရားအလောင်းမင်းသားလေးကို ခေါ်ဆောင်ခဲ့ဖို့ အမိန့်ပေးလိုက်ပါတယ်။ ရသေ့ကြီးကို အရိုအသေပေးစေချင်တာလည်း ပါပါတယ်။ မင်းသားလေးကို ရှေ့တော်မှောက်ခေါ်ဆောင်ပြီး “အရှင်ရသေ့ တပည့်တော်ရဲ့ သားတော်လေးဟာ မနေ့ကမှ ဖွားမြင်ခဲ့တာဖြစ်ပါတယ်၊ သနားသောအားဖြင့် သားတော်လေးရဲ့ အနာဂတ်ကောင်းမည့် အခြေအနေများကို ဖတ်ကြည့်ပေးစေချင်ပါတယ်။” လို့ပြောဆိုပြီး မင်းသားလေးကို အသိတရသေ့ကြီးထက် နိမ့်တဲ့နေရာတစ်ခုမှာ ချထားပေးလိုက်ပါတယ်။
ထိုအချိန်မှာပဲ ဘုရားအလောင်းမင်းသားလေးဟာ သူ့ရဲ့ခြေတော်များကို လှည့်ပြီး အသိတရသေ့ပညာရှိကြီးရဲ့ ဦးခေါင်းတော်ပေါ်မှာ ရပ်တည်သွားပါတယ်။ အသိတရသေ့ပညာရှိကြီးဟာ သိပ်ကို အံ့သြသွားပြီး ဘုရားအလောင်းမင်သားလေးရဲ့ ခြေတော်လက္ခဏာကို သေသေချာချာကြည့်ပြီး လက္ခဏာဖတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ မင်းသားလေးရဲ့ ယောင်္ကျားမြတ်တို့မှာရှိတဲ့ ကြီးမြတ်တဲ့အမှတ်အသား လက္ခဏာတော်များကို သွားတွေ့ပါတယ်။ ချက်ချင်းမှာပဲ အသိတရသေ့ပညာရှိကြီးဟာ ပြုံးရယ်သွားပြီး ချက်ချင်းပဲ မျက်ဝန်းကို မျက်ရည်များ ကျလာပါတယ်။ ဘုရင်သုဒ္ဓေါဓနဟာ သူကိုးကွယ်တဲ့ ရသေ့ကြီးရဲ့ အမှုအရာကိုတွေ့မြင်သွားပြီး အံ့သြသွားပြီး “အရှင်ဘုရား၊ အဘယ်အတွက်ကြောင့် ပြုံးရယ်ပြီး၊ ချက်ချင်းဆိုသလို အဘယ်အကြောင့် မျက်ရည်များကျရပါသလဲ” လို့မေးတော့ ရသေ့ကြီးက “အရှင်မင်းကြီး၊ ဒီမင်းသားလေးမှာ ယောင်္ကျားမြတ်တိုမှာသာရှိတဲ့ ကြီးမြတ်တဲ့ လက္ခဏာတော်များရှိပါတယ်၊ တစ်နေ့မှာ မင်းသားလေးဟာ သီလ၊ ပညာများနဲ့ ပြည့်စုံပြီး သဗ္ဗညုတဥာဏ်ကိုရရှိကာ လောကသုံးပါးမှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါများရဲ့ ကိုးကွယ် အားထားရာ ဆရာတစ်ဆူဖြစ်ပါလိမ့်မယ်၊ မင်းကြီး၊ ငါဟာ ဒီအတွက်ကြောင့် ပြုံးရယ်ခြင်းဖြစ်ပါတယ်။”
“ငါ့၏ မျက်ရည်ကျရခြင်း အကြောင်းကတော့ ငါ့ရဲ့ အသက်ရွယ်ကြောင့်ဖြစ်ပါတယ်၊ ဒီမင်းသားလေး သဗ္ဗညုတဥာဏ်တော်ကို ရရှိပြီး လောကသုံးပါးရဲ့ အားထားကိုးကွယ်ရာ ဆရာတစ်ဆူဖြစ်တဲ့အချိန်မှာ ငါဟာအသက်ရှင်ရှိနေပြီး သူ့ရဲ့ တရားဓမ္မကို နားကြားခွင့်မရတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်၊ မင်းကြီး။” လို့ ပြန်ပြောပါတယ်။ ဒီလိုပြောဆိုပြီးတဲ့ နောက်မှာ် အသိတရသေ့ ပညာရှိကြီးဟာ ဘုရားအလောင်းမင်းသားလေးရဲ့ ရှေ့မှာ ဒူးထောက်ပြီး ရှိခိုးကာ အရိုအသေပြုလိုက်ပါတယ်။ သုဒ္ဓေါဓနမင်းကြီးလည်း မရည်ရွယ်ဘဲ သူ့ရဲ့ကိုးကွယ်အားထားရာ အသိတရသေ့ကြီးက မင်းသားလေးကို အရိုအသေပြုလိုက်စဉ်မှာပဲ သူလည်းပဲ မင်းသားလေးကို ရှိခိုးကာ အရိုအသေပေးလိုက်ပါတယ်။ ဒါဟာ ဘုရင်သုဒ္ဓေါဓနမင်းကြီးရဲ့ ပထမဆုံးအကြိမ် ဘုရားအလောင်းမင်းသားလေးကို အရိုအသေပြုခြင်းဖြစ်ပါတယ်။
ဘုရားအလောင်းမင်းသားလေး မွေးဖွားပြီး ငါးရက်မြောက်နေ့မှာ ဘုရင်သုဒ္ဓေါဓနမင်းကြီးက မင်းသားလေးကို ကောင်းမြတ်တဲ့ နာမည်ပေးဖို့ရန်အတွက် ငါးယောက်သော ပညာရှိများကို နန်းတော်ခမ်းမဆောင်ထဲသို့ စုဝေးစေပါတယ်။ ထိုနာမည်ပေးအခမ်းအနားမှာ မင်းသားလေးရဲ့ လက္ခဏာတော်များကို ဖတ်ကြားစေဖို့အတွက် ပညာရှိများဟာ မင်းသားလေးရဲ့ မျက်နှာတော်ကို သေချာစွာကြည့်ရှုခွင့်ရပါတယ်။
မင်းသားလေးရဲ့ လက္ခဏာတော်များကို သေချာစွာ ကြည့်ရှု့ပြီး လေးယောက်သော ပညာရှိများက လက်နှစ်ချောင်းထောင်ပြီး “မင်းသားလေး ကြီးပြင်းလာတဲ့အခါမှာ အကယ်၍ မင်းသားလေးဟာ တိုင်းပြည်အုပ်ချူပ် မင်းလုပ်မယ်ဆိုရင် သူဟာ စကြာဝတေးမင်းဖြစ်ပါလိမ့်မယ်၊ ဒါမှမဟုတ် နန်းတော်ကနေ စွန့်ခွာပြီး ဘာသာရေးလမ်းစဉ်ကို ရွေးချယ်ကာ ကြီးမြတ်တဲ့ပညာကို ရရှိဖို့အတွက် ရွေးချယ်မယ်ဆိုရင် သူဟာ ဘုရားစင်စစ် ဧကန်ဖြစ်ပါလိမ့်မယ်။” လို့ လျှောက်တင်ကြပါတယ်။
ငါးယောက်သောပညာရှိထဲမှ ကောဏ္ဍညလို့ ခေါ်တဲ့ အငယ်ဆုံး ပညာရှိကတော့ တစ်ချောင်းသောလက်ကိုပဲထောင်ပြီး ”အရှင်မင်းကြီး၊ မင်းသားလေး ကြီးပြင်းလာတဲ့အခါမှာ ကြီးမြတ်တဲ့ပညာကို ရရှိဖို့ထီးနန်းကိုစွန့်လွှတ်ကာ တောထွက်၍ သဗ္ဗညုတဥာဏ်တော်ကို ရရှိပြီး လောကမှာ ဘုရားစင်စစ် ဧကန်ဖြစ်ကာ လူ၊ နတ်၊ ဗြဟ္မသတ္တ၀ါအားလုံးတို့ရဲ့ ကိုးကွယ်ရာတစ်ဆူ ဖြစ်ပါလိမ့်မယ်။ တစ်ခြားဘာမှ မဖြစ်နိုင်ပါ။”လို့ ပြတ်သားစွာ ဖတ်ကြားလျှောက်တင်လိုက်ပါတယ်။
ဘုရင်သုဒ္ဓေါဓန၊ ပညာရှိများနဲ့ တိုင်းသူပြည်သားများကတော့ ဘုရားအလောင်းမင်းသားလေးကို စကြာဝတေးမင်းဖြစ်ဖို့ အလိုဆန္ဒရှိကြပါတယ်။ တောထွက်ကာ ဘုရားဖြစ်မည်ကို ဘုရင်သုဒ္ဓေါဓန မလိုလားခဲ့ပါဘူး။
ထိုသို့ လက္ခဏာတော် ဖတ်ကြားပြီးတဲ့နောက်မှာ မင်းသားလေးကို “သိဒ္ဓတ္ထ-လို့ အမည်ပေးရွေးချယ်ကြပါတယ်။ သိဒ္ဓတ္ထရဲ့ အနက်သဘောဆိုလိုရင်းကတော့ ဆန္ဒရှိတိုင်းကို ပြည့်ဝစေသော မင်းသား”ဖစ်ပါတယ်လို့ ဆိုတာပါ။ တစ်နည်းအားဖြင့်၊ အရားအားလုံးကို နားလည်နိုင်သော မင်းသားတစ်ပါးဖြစ်တယ်လို့လည်း ဆိုပါတယ်။ 
 ( ကိုးကားချက် )
ဥယျာဉ်မှုးလေး

ဗုဒ္ဓ၀င်အကျဉ်း .. ( ၂ )

                                                              " ဖွားမြင်တော်မှုခန်း "
                                                   
အိပ်မက်မက်ပြီး ၁၀လအကြာမှာ မဟာမာယာဟာ သူမရဲ့နိုင်ငံဖြစ်တဲ့ မိဘများရှိနေထိုင်တဲ့ ဒေ၀ဒဟပြည်ကို သွားရောက်ကာ သားတော်မွေးဖွားဖို့ရန်အတွက် ဘုရင်သုဒ္ဓေါဓနကို “အရှင်မင်းကြီး သားတော်မွေးဖွားဖို့ အချိန်ရောက်ပြီဖြစ်တဲ့အတွက် မိဘများရှိတဲ့ဆီကို သွားရပါတော့မယ်၊ သွားခွင့်ပြုပါ။” လို့ လျှောက်တင်ပါတယ်။ အဲဒီအချိန်တုန်းက အိန္ဒိယပြည်ရဲ့ ဓလေ့ထုံးစံအရ ဇနီးတစ်ယောက် သားဖွားတော့မယ်ဆိုရင် မိဘများရှိတဲ့ မိမိအိမ်ကို ပြန်ပြီး မွေးဖွားလေ့ရှိပါတယ်။
ဘုရင်သုဒ္ဓေါဓနဟာ ချက်ချင်းပဲ သဘောတူပြီး၊ “ကောင်းပြီ မိဘုရားကြီး၊ သင်သွားရောက်ဖို့ရန်အတွက် လိုအပ်မယ့် အစီအစဉ်ကို ပြုလုပ်ပေးပ့ါမယ်” လို့ပြန်ပြောပြီး သူရဲ့ အထိန်းတော်များ၊ စစ်သည်တော်များ၊ အမတ်များကို မိဘုရားကြီးစီးဖို့အတွက် အလှတန်ဆာဆင်ထားသော ဝေါယာဉ်ကို စီစဉ်ခိုင်းပါတယ်။ မိဘုရားကြီး သွားမယ့်လမ်းတစ်လျှောက်ကိုလည်း သာယာလှပဖို့အတွက် လိုအပ်တဲ့ရှင်းလင်းမှု့များကိုလည်း ခိုင်းစေတော်မှုပါတယ်။ အစောင့်အရှောက် အခြံအရံများစွာနဲ့အတူ မိဘုရားကြီးကို ဒေ၀ဒဟပြည်ကို ပို့စေခဲ့ပါတယ်။
ဒေ၀ဒဟပြည်နဲ့ ကပိလ၀တ္ထုပြည်ရဲ့ အကြားမှာ လုမ္ဗိနီလို့ခေါ်တဲ့ လှပတဲ့ ဥယျာဉ်တစ်ခုရှိပါတယ်။ လုမ္ဗိနီဥယျာဉ်ဟာ ဟိမ၀န္တာတောင်ခြေရင်း နီပေါဘုရင်များအုပ်ချူပ်တဲ့ နီပေါနိုင်ငံရဲ့ အနီးမှာ တည်ရှိပါတယ်။ နွေရာသီတိုင်းမှာ နှစ်ခုသော ဒေ၀ဒဟပြည်၊ ကပိလ၀တ္ထုပြည်ရဲ့ တိုင်းသူပြည်သားများဟာ လှပပြီး အေးချမ်းတဲ့ လုမ္ဗိနီဥယျာဉ်ထဲမှာ လာပြီး အင်ကြင်းပင်များရဲ့ အောက်မှာ အနားယူလေ့ရှိပါတယ်။ လုမ္ဗိနီဥယျာဉ်ကြီးဟာ အမြဲထာဝရ ဖူးပွင့်ကာ လန်းဆန်းနေပြီး အလွန်မွှေးပျံ့သင်းကြိုင်နေတဲ့ အင်ကြင်ပန်းများနဲ့အတူ၊ ကျေးငှက်များရဲ့ ငြိမ့်ညောင်းတဲ့ တေးဆိုသံများ၊ ပျားပိတုန်းများရဲ့ ၀တ်ရည်များကို လူးလား ခေါက်ပြန် စုဆောင်းရင်း မြည်တွန်သံလေးများနဲ့အတူ့ သိပ်ကိုလှပနေပါတယ်။
လှပပြီး နားခိုဖို့ကောင်းတဲ့ ဥယျာဉ်တော်တစ်ခုဖြစ်တာကတစ်ကြောင်း၊ ထိုအချိန်တုန်းက အလွန်ပှုတဲ့ရာသီဥတုဖြစ်တာကတစ်ကြောင်းမို့ မဟာမာယာဟာ ခဏတာနားခိုဖို့အတွက် သူ့ရဲ့ ချွေရံတော်များ၊ စစ်သည်များကို ရပ်ဖို့ပြောပြီး နားခိုပါတယ်။ လှပပြီး မွှေးရနံ့များနဲ့ သင်းပျံ့နေတဲ့ အင်ကြင်းပင်များရဲ့ အောက်မှာ လျှောက်လှမ်းနေစဉ်မှာပဲ မဟာမယာဟာ သားဖွားချင်စိတ် ဖြစ်ပေါ်လာပြီး ဘုရားအလောင်းတော်ကို ဖွားမြင်ခဲ့ပါတယ်။ ဘုရားအလောင်းကို ၀ိသာခါနက္ခတ်ယှဉ်တဲ့ ကဆုန်လပြည့် သောကြာနေ့ ဘီစီ (ခရစ်တော်မပေါ်မီ) ၆၂၃မှာ ဖွားမြင်ခဲ့ပါတယ်။
ဘုရားအလောင်းတော် မင်းသားလေးဟာ ဖွားမြင်ပြီးချက်ချင်းမှာပဲ ခြေခုနှစ်လှမ်းလှမ်းပါတယ်၊ လှမ်းတိုင်း လှမ်းတိုင်းသော ခြေဖ၀ါးများရဲ့အောက်မှာ ကြာပွင့်များ ပေါ်ထွက်လာကြပါတယ်။
“အဂ္ဂေါဟမသ္မိ လောကဿ- လောကမှာ ငါဟာ အကြီးမြတ်ဆုံးတစ်ဦးဖြစ်တယ်။”
“ဇေဋ္ဌောဟမသ္မိ လောကဿ- လောကမှာ ငါနဲ့ တူသောသူ တစ်ယောက်မျှ မရှိ။”
“သေဋ္ဌောဟမသ္မိ လောကဿ- ငါဟာ လောကမှာ အမြတ်ဆုံးသူဖြစ်တယ်။”
“အယ မန္တိမာ ဇာတိ- ဒါဟာ ငါ့ရဲ့ နောက်ဆုံး ပဋိသန္ဓေနေခြင်းဖြစ်တယ်။”
“နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။ ငါဟာ ဘ၀အသစ် တဖန် မဖြစ်တော့ပြီ” လို့ ကြွေးကြော်ရွတ်ဆိုပါတယ်။
မဟာမယာဟာ ဘုရားအလောင်းမင်းသားလေး မွေးဖွားပြီးမကြာမီမှာပဲ ချက်ချင်း နန်းတော်သို့ ပြန်လှည့်ခဲ့ပါတယ်။ ဘုရားအလောင်းမင်းသား ဖွားမြင်တယ်ဆိုတဲ့ သတင်းစကားကို ကြားရတဲ့အခါမှာ တိုင်းသူပြည်သားများနဲ့ ဘုရင်သုဒ္ဓေါဓနမင်းကြီးဟာ အလွန်တရာပျော်သွားကြပါတယ်။ သားတစ်ဦးမျှော်လင့်နေတဲ့ ဘုရင်သုဒ္ဓေါဓနနဲ့ မဟာမာယာတို့က အပျော်ဆုံးဖြစ်ပါတယ်။
 (ကိုးကားချက်) 
ဥယျာဉ်မှူးလေး

ဗုဒ္ဓ၀င်အကျဉ်း .. ( ၁ )

                                                  " မယ်တော် မဟာမယာ "
                                                
ဗုဒ္ဓမြတ်စွာ ပွင့်တော်မမှုခင်က အိန္ဒိယနိုင်ငံကို ဇမ္ဗူဒီပလို့ ခေါ်ပါတယ်။ ဇမ္ဗူဒီပနိုင်ငံကို ဘုရင်များအုပ်ချူပ်သော မင်းနိုင်ငံများ၊ မျိုးနွယ်စုများ အုပ်ချူပ်သော နိုင်ငံငယ်များအားဖြင့် ခွဲခြားကာ အသီးသီး အုပ်ချူပ်ကြပါတယ်။ ထိုကဲ့သို့ များစွာသော နိုင်ငံများတွင် ရပတီမြစ်ရဲ့ မြောက်အရပ် ဟိမ၀န္တာတောင်ရဲ့ အနီးနားမှာ တည်ရှိတဲ့ ကပိလ၀တ္ထုလို့ခေါ်တဲ့ နိုင်ငံငယ်လေး တစ်ခုရှိပါတယ်။ ထိုကပိလ၀တ္ထုနိုင်ငံကို သကျသာကီဝင် အနွယ်ဖြစ်တဲ့ ဘုရင်သုဒ္ဓေါဓနအမည်ရှိတဲ့ မင်းတစ်ပါးက အုပ်ချူပ်ပါတယ်။ ဘုရင်သုဒ္ဓေါဓနဘုရင်ရဲ့ မျိုးနွယ်အမည်ကတော့ ဂေါတမ မျိုးနွယ်ဖြစ်ပါတယ်။ မာယာလို့အမည်ရှိတဲ့ မိဘုရားတစ်ပါးဟာ ဘုရင်သုဒ္ဓေါဓနရဲ့ မိဘုရားဖြစ်ပါတယ်။
ဘုရင်သုဒ္ဓေါဓနနဲ့ မိဘုရားမဟာမာယာတို့ဟာ လက်ထပ်ပြီးနောက်မှာ နှစ်ဦးသား ပျော်ရွှင်စွာနေထိုင်ကြပါတယ်။ ဘုရင်သုဒ္ဓေါဓနနဲ့ မိဘုရားမာယာတို့ဟာ အလွန်စိတ်ထားကောင်းကြတဲ့အတွက်ကြောင့် တိုင်းပြည်မှာရှိတဲ့ လူသားအားလုံးဟာရဲ့ ချစ်ခြင်းကို ခံကြရပါတယ်။ ဒါပေမယ့် သူတို့မှာ သားတော်တစ်ယောက်မှ မရှိကြသေးပါဘူး၊ ဒီအတွက် အချိန်များစွာတိုင်အောင် သားတစ်ယောက်ကို ရရှိဖို့ မျှော်လင့်နေကြပါတယ်။
တစ်ခုသော လပြည့်ညတစ်ညမှာ မိဘုရားမဟာမယာဟာ လေးယောက်သော နတ်များက ဟိမ၀န္တာမှာရှိသော အနောတ္တရေအိုင်သို့ သယ်ဆောင်ပြီး သူမကိုရေချိုးပေးတယ်။ ရေချိုးပြီးတဲ့နောက်မှာ နတ်ဝတ်တန်ဆာများကို ၀တ်ဆင်မြန်းပေးကြပါတယ်။ ခဏအကြာမှာ ဆင်ဖြူတော်တစ်ကောင်ဟာ ကြာဖြူတစ်ပွင့်ကို သူရဲ့နှာမောင်းနဲ့ သယ်ဆောင်ရင်း မဟာမယာရဲ့ ပတ်လည်မှာ ရောက်ရှိလာပြီး သုံးကြိမ်တိုင်တိုင် လည်ပတ်ပြီး ပျောက်ကွယ်သွားပါတယ်လို့ အိပ်မက်မြင်မက်ပါတယ်။ မဟာမာယာဟာ နိုးထလာပြီးတော့ ဒါဟာ အိပ်မက်တစ်ခု ဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်။
နောက်တစ်နေ့ မနက်စောစောမှာပဲ မဟာမာယာဟာ သူရဲ့ ညက မက်ခဲ့တဲ့အိပ်မက် အကြောင်းကို ဘုရင်သုဒ္ဓေါဓနကို ပြန်ပြောပြပါတယ်။ ဘုရင်သုဒ္ဓေါဓနဟာ အိပ်မက်ရဲ့ အကြောင်းကို ကြားပြီးနောက် အံ့သြကာ အိပ်မက်ရဲ့ ထူးခြားဆန်းကြယ်ပုံအား ပညာရှိများကို နန်းတော်သို့ ဆင့်ခေါ်ပြီး အိပ်မက်ရဲ့အကြောင်းကို မေးမြန်းပါတယ်။
ပညာရှိများဟာ “မြတ်သောမင်းကြီး၊ နတ်ဗြဟ္မာများဟာ ကျွန်တော်မျိုးတိုရဲ့ မိဘုရားကြီးကို သူတော်စင်တစ်ဦး၏ မိခင်အဖြစ်ရွေးချယ်ကြတာကြောင့် အိပ်မက်ဟာ အလွန်ကောင်းတဲ အိပ်မက်တစ်ခုဖြစ်ပါတယ်။ သင်မင်းကြီးဟာ အလွန်ကို ကံကောင်းပါတယ်၊ မိဘုရားကြီးဟာ ဘုန်းကံကြီးမြတ်သော သားတော်တစ်ဦး ဖွားမြင်တော်မှုပါလိမ့်မယ်၊ အရှင်မင်းကြီး။” လို့ လျှောက်တင်ကြတဲ့အခါမှာ ဘုရင်သုဒ္ဓေါဓနနဲ့ မိဘုရားမဟာမာယာတို့ဟာ အိပ်မက်ရဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ကြားလိုက်ရတာကြောင့် အလွန့်အလွန်ကို ပျော်ရွှင်သွားကြပါတယ်။
ဘုရင်သုဒ္ဓေါဓနနဲ့ မိဘုရားမဟာမာယာတို့ဟာ သိပ်ပျော်သွားကြပြီး  တိုင်းသူပြည်သားများကို သတင်းကောင်းပြောကြားဖို့အတွက် နန်းတော်သို့ ပင့်ဖိတ်ကာ အစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံကြပါတယ်။ ဆင်းရဲ ချမ်းသာသူ မရွေးပေါ့။
 
(ကိုးကားချက်)